အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တယ်လို့ သတိပေး

ဇန်နဝါရီ၊ ၂၃
 
မြန်မာနိုင်ငံရဲ့ ပြည်နယ်နဲ့ တိုင်းတချို့မှာ အချိန်ခါမဟုတ် မိုးရွာသွန်းနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင် တဦးဖြစ်တဲ့ ဦးဝင်းနိုင်က သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဒီကနေ့ နေ့လယ် ၁၂ နာရီမှာ ဖော်ပြထားပါတယ်။
 
မွန်၊ ကရင်၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း အရှေ့ပိုင်း (ခရမ်း-သုံးခွ)၊ မန္တလေးတိုင်း အထက်ပိုင်း (သပိတ်ကျင်းမြို့အထက်)၊ စစ်ကိုင်းတိုင်း အလယ်ပိုင်းနဲ့ အထက်ပိုင်း၊ ချင်း၊ ကချင်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နဲ့ အရှေ့ပိုင်း တို့မှာ ဒီကနေ့ကနေ ၂၈ ရက်အထိ မိုးရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။
 
အဲဒီဒေသတွေမှာ မိုးရွာဖို့ အနည်းဆုံး ၁၅ ရာခိုင်နှုန်း ကနေ ၈၅ ရာခိုင်နှုန်း အထိရှိနိုင်ပြီး မိုးရေချိန် အနည်းဆုံး ၂ မီလီမီတာကနေ ၁၅ မီလီမီတာအထိ ရှိနိုင်တယ်လို့လည်း ဆက်လက်ဖော်ပြထားပါတယ်။
 
ဒါပေမယ့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယား (ကရင်နီ)၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း အောက်ပိုင်း၊ နေပြည်တော်နဲ့ ရခိုင်ပြည်နယ် တို့မှာ မိုးရွာနိုင်မယ့်အခြေအနေ မရှိဘူးလို့လည်း ဆိုပါတယ်။
 
စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကတော့ ဇန်နဝါရီလ ၂၄ ရက် မနက်ဖြန် မနက်အထိ တနင်္သာရီတိုင်းမှာ နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပြီး ရွာရန် ခြောက်ဆယ်ရာခိုင်နှုန်း ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်း၊ ရခိုင်ပြည်နယ်တွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းနဲ့ပြည်နယ်တွေမှာ အများအားဖြင့် သာယာမယ်လို့ ဆိုပါတယ်။
 
ဓာတ်ပုံ – Win Naing