ဇန်နဝါရီ၊ ၂၃
တနင်္သာရီတိုင်း၊ ပုလောဒေသအခြေစိုက် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကို တပ်ဖွဲ့တူ တခြားတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသတ်ဖြတ်မှုကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
” သတ်တဲ့လူတွေလည်း ဝန်တော့ဝန်ခံထားတယ်။ သူတို့ကို စစ်ဆေးတာတွေတော့ ဆက်လုပ်နေပါတယ်။ အသေးစိတ်အခြေအနေတော့ ပြောလို့မရသေးဘူး ” လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲပါတဲ့ အမည်မဖော်လိုသူ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) တပ်ဖွဲ့ဝင်ဟောင်းတဦးဖြစ်ပြီး လက်ရှိ မိကျောင်းစစ်ကြောင်းမှာ တာဝန်ထမ်းဆောင်နေသူ အသက် လေးဆယ်ဝန်းကျင်အရွယ် ကိုပင်လယ်လူကို ဇန်နဝါရီ ၈ ရက်မှာ မိကျောင်းစစ်ကြောင်း တပ်ဖွဲ့ဝင်တွေကပဲ ဖမ်းဆီးသွားပြီး ပစ်သတ်လိုက်တာပါ။
” အကြောင်းပြချက်ပေးတာတော့ ဖမ်းလာတာ လမ်းမှာထွက်ပြေးလို့ ပစ်သတ်လိုက်တယ်လို့ ပြောတယ်။ ဒါပေမယ့် ထွက်ပြေးမယ်ဆို အိမ်မှာကတည်းက ပြေးလို့ရတယ်။ ကိုယ့်လူတွေ အချင်းချင်းဖြစ်နေလို့ မပြေးဘဲ လိုက်သွားတာ ” လို့လည်း အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။
ဇနီးဖြစ်သူ ကလေးမွေးမှာ ဖြစ်တဲ့အတွက် ခွင့်တလယူပြီး ပုလောမြို့နယ်၊ ခန္တီရွာမှာ ပြန်လည်လာရောက်နေထိုင်ရင်း ဇနီးဖြစ်သူ ကျန်းမာရေးအခြေအနေကြောင့် ခွင့်နှစ်လကျော်သွားပြီးနောက် အခုလို လာရောက်ဖမ်းဆီးပြီး ပစ်သတ်ခံလိုက်ရတာပါ။
ကိုပင်လယ်လူကို လာရောက်ဖမ်းဆီးတဲ့အချိန် ရွာထဲဝင်လာတဲ့ မိကျောင်းစစ်ကြောင်းက တပ်ဖွဲ့ဝင် ရှစ်ဦးရှိပြီး အားလုံးမျက်နှာဖုံးစွပ်ထားကြတယ်လို့ သိရပါတယ်။
” မျက်နှာဖုံးစွပ်ပြီး လက်နက်နဲ့ အိမ်ရှေ့ရောက်လာတော့ စစ်တပ်ထင်ပြီး ထွက်ပြေးသေးတာ။ မျက်နှာဖုံးချွတ်ပြီး အော်ခေါ်မှ သူ့လူတွေမှန်းသိလို့ လိုက်သွားတာ ” လို့လည်း မိသားစုဝင်နဲ့နီးစပ်သူတွေ ပြောပြတာကို ကိုးကားပြီး အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိမှာတော့ KNU တပ်မဟာ (၄)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)၊ တပ်ရင်း (၇)၊ တပ်ရင်းမှူး ဗိုလ်မှူးကျော်ထွန်းရဲ့ ညွှန်ကြားချက်နဲ့ အဖွဲ့ဝင် ဆယ်ဦးပါ စစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး ဇန်နဝါရီ ၂၀ ရက်ကတည်းက စစ်ဆေးမှူးတွေ စလုပ်နေပြီလို့ သိရပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲမှာတော့ ပုလောဒေသအခြေစိုက် ကာကွယ်ရေးတပ်တွေဖြစ်တဲ့ ပုလောစစ်ကြောင်း (၁)၊ PRDF၊ KNDO တပ်ခွဲ (၅)၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PPDF)နဲ့ ဗိုလ်မိုးကြိုးအဖွဲ့ တို့ပါဝင်ပြီး အမှုရလဒ်ကို ပြည်သူထံ ချပြသွားမယ်လို့လည်း ပူးတွဲထုတ်ပြန်ထားကြပါတယ်။
ဓာတ်ပုံ – Social Media