ဇန်နဝါရီ၊ ၂၃
တရုတ်နိုင်ငံရဲ့ ယူနန်ပြည်နယ်ထဲမှာ မြေပြိုမှု ဖြစ်ပွားခဲ့တာကြောင့် လူ ၈ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ အပျက်အစီးတွေအောက် ပိတ်မိ ပျောက်ဆုံးနေပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဖြစ်ပွားတဲ့ မြေပြိုမှုမှာ အိမ်ထောင်စု ၁၈ ခုက လူပေါင်း ၄၇ ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ တရုတ် အစိုးရပိုင် CCTV သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဇန်နဝါရီ ၂၂ ရက် ညနေပိုင်းထိ အခြေအနေ အရတော့ ကယ်ဆယ်ရေးတွေဟာ ရုပ်အလောင်း ၈ ခုကို အပျက်အစီးပုံအောက်က ဆွဲထုတ်နိုင်ခဲ့ပြီး ၂ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။
ကျိုထောင်မြို့နားက ကျေးရွာနှစ်ခုဟာ မြေပြိုမှုတွေဒဏ်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရတာဖြစ်ပြီး နေအိမ်တွေပါ မြေစိုင်ခဲတွေအောက် အလုံးလိုက် ပိမိကုန်တာပါ။ တောင်စောင်းနေရာက မြေကြီးတွေ ရုတ်တရက် ပြိုဆင်းလာပြီး အိမ်တွေကိုပါ ဖုံးလွှမ်းသွားကြောင်း၊ လူတွေ တော်တော်များများ ပိတ်မိကုန်ကြောင်း မျက်မြင်တဦးက ပြောပါတယ်။
အခင်းဖြစ်တဲ့ ကျေးရွာတွေက လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ရာသီဥတုကလည်း ရေခဲမတတ် အေးချမ်းနေတာကြောင့် ကယ်ဆယ်ရေးတွေ အတွက်တော့ ကြီးမားတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်။
မြေပြိုထားတဲ့ နေရာမှာ ကယ်ဆယ်ရေး ဝန်ထမ်းအင်အား ၁၀၀၀ ကျော်လောက် ဖြန့်ကျက်ပြီး အပျက်အစီးပုံတွေအောက် ပိတ်မိနေသူတွေကို လိုက်ရှာနေတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။ ကယ်ဆယ်ရေး ကဏ္ဍနဲ့ ပတ်သက်ရင် တရုတ် ဒုတိယ ဝန်ကြီးချုပ် ကျန်ဂိုကျင်ကိုယ်တိုင် မြေပြင်မှာ လှုပ်ရှားနေသူတွေနဲ့ ညှိနှိုင်းပြီး ဦးဆောင် ညွှန်ကြားပေးနေတယ်လို့လည်း သိရပါတယ်။
ဇန်နဝါရီ ၂၃ ရက် မနက်ပိုင်းမှာလည်း တရုတ်နဲ့ ကာဂျစ္စတန် နိုင်ငံ နယ်စပ်ကြားမှာ ရစ်ချ်တာစကေး ၇.၀ အဆင့် အင်အားပြင်း ငလျင်တခု လှုပ်ခတ်ခဲ့ပြီး ထိခိုက်သေကြေမှုနဲ့ ပျက်စီးမှု အခြေအနေတွေကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။
Ref: Reuters