ပါလက်စတိုင်း နိုင်ငံ ပေါ်ထွန်းလာမှသာ အစ္စရေးနဲ့ ပုံမှန် သံတမန် ဆက်ဆံရေး ထူထောင်ဖြစ်မယ်လို့ ဆော်ဒီပြော

ဇန်နဝါရီ၊ ၂၂

ပါလက်စတိုင်းနိုင်ငံ သီးခြား ထူထောင်မှု ရည်မှန်းချက် အထမြောက်မချင်း အစ္စရေးနဲ့ ပုံမှန်အဆင့် သံတမန် ဆက်ဆံရေး ထူထောင်ဖို့ မဖြစ်နိုင်ကြောင်း ဆော်ဒီအာရေးဘီးယား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ယူထားသူ ဆော်ဒီမင်းသား ဖိုင်ဆယ်လ် ဘင် ဖာဟန် အယ်လ်ဆာ့ဒ်က CNNနဲ့ အင်တာဗျူး အစီအစဉ်မှာ အစ္စရေး-ပါလက်စတိုင်း ပြဿနာနဲ့ ဆော်ဒီရဲ့ သံတမန်ရေးရာ မူဝါဒတွေအကြောင်း အကျယ်တဝင့် မှတ်ချက် ပေးသွားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အစ္စရေးနဲ့ ဆော်ဒီတို့ကြား ဆက်ဆံရေး နွေးထွေးမှုတွေ ရှိလာသလို အထူးသဖြင့် အီရန်ရဲ့ ခြိမ်းခြောက်မှုကို တူတူညီညီ ကြုံတွေ့နေတဲ့ နိုင်ငံနှစ်ခုကြား ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းတွေ ပွင့်လာနေတယ်လို့ ယုံကြည်ရပါတယ်။

ဒါပေမဲ့ ပါလက်စတိုင်းနဲ့ ပဋိပက္ခတွေကြောင့် အစ္စရေးနဲ့ တရားဝင် သံတမန် ဆက်ဆံရေး ထူထောင်တဲ့ အဆင့်ထိတော့ ဆော်ဒီက ရှေ့တိုးဖို့ တွန့်ဆုတ်နေဆဲပါ။ ဝန်ကြီးက ပါလက်စတိုင်းကို နိုင်ငံတခုအဖြစ် ရပ်တည်နိုင်အောင် ယုံကြည် စိတ်ချရတဲ့၊ ခိုင်မာတည်တံ့တဲ့ အဆင့်မျိုး မရောက်မချင်း အဲဒီကိစ္စ လက်တွေ့ ဖြစ်မလာလောက်ဘူးလို့လည်း သုံးသပ်ခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း ဒေသမှာ ငြိမ်းချမ်းရေး တည်တံ့ဖို့ဆိုရင် ပါလက်စတိုင်း နိုင်ငံ ပေါ်ထွန်းလာဖို့ လိုအပ်ကြောင်း၊ အဲဒီ ဖြေရှင်းမှုကသာ အားလုံးအတွက် အကျိုးရှိစေမှာဖြစ်ကြောင်း၊ ပြီးတော့ ပါလက်စတိုင်းကို ဗဟိုပြုတဲ့ ပြဿနာတွေလည်း ပြေလည်ပပျောက်သွားနိုင်ကြောင်း သူက ဆိုပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ ဂါဇာ စစ်ပွဲနဲ့ ပတ်သက်လို့တော့ အရပ်သားတွေ ထိခိုက် သေကြေနေမှုကို ဟန့်တားနိုင်ရေးက ဆော်ဒီရဲ့ အဓိက ရည်မှန်းချက်လို့ ဝန်ကြီးက ပြောကြားသွားပါတယ်။ သူက အစ္စရေးဟာ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်း ပြည်သူတွေကို အပြင်းအထန် ဖိနှိပ် ချေမှုန်းနေတာ တွေ့ရကြောင်း၊ ဒီလုပ်ရပ်မျိုးက မလိုအပ်သလို လက်ခံနိုင်စရာလည်း မရှိကြောင်း ဝေဖန် ထောက်ပြသွားပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟူကတော့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သူဟာ အမေရိကန် အစိုးရရဲ့ တိုက်တွန်းမှုကို ငြင်းဆန်ပြီး ပါလက်စတိုင်းနိုင်ငံ ထူထောင်ခွင့်ပြုရေး ကိစ္စကို ပယ်ချခဲ့ကြောင်း အတိအလင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ နေတန်ယာဟူက ပါလက်စတိုင်းနိုင်ငံ ပေါ်ထွန်းလာခြင်းဟာ အစ္စရေးရဲ့ လုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်လာနိုင်တဲ့အတွက် သူ့အစိုးရ လက်ထက်မှာ လုံးဝ ခွင့်ပြုသွားမှာ မဟုတ်ဘူးလို့ ယတိပြတ် ကြေညာထားခဲ့ဖူးပါတယ်။

 

Ref: Reuters