ဇန်နဝါရီ၊ ၂၂
မှတ်ပုံတင်ဖျက်သိမ်းခံထားရတဲ့ ရှေးဟောင်း Classicကားတွေကို မှတ်ပုံတင်ပြန်လုပ်ပေးမယ်ဆိုတာကြောင့် ရှေးဟောင်းကား နှစ်သက်သူတွေကြား အရောင်းအဝယ်တွေ ပြန်ဖြစ်လာနေတယ်လို့ အဲဒီအသိုင်းဝိုင်းဆီက သိရပါတယ်။
အရင်က မှတ်ပုံတင်ထားပြီး သက်တမ်းထပ်မတိုးလို့ မှတ်ပုံတင်ဖျက်သိမ်းထားတဲ့ 1980 model နဲ့ အဲဒီမတိုင်မီ ယာဥ်တွေကို ရှေးဟောင်း Classic မော်တော်ယာဥ်အဖြစ် သတ်မှတ်ဒဏ်ကြေးနဲ့ မှတ်ပုံပြန်တင်ပေးမယ်လို့ စစ်ကောင်စီရဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ကြေညာထားတာ ဖြစ်ပါတယ်။
“ အဲဒီကြေညာချက် ထွက်လာတော့ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတာပေါ့၊ ရောင်းချင်တဲ့ သူရှိသလို ပြန်ဝယ်မလို့ ရှာသူတွေလည်း ရှိတယ်၊ စျေးကတော့ ရှေးကျပြီး အမျိုးအစားနဲ့ ဒီဇိုင်းအပေါ်မူတည်ပြီး ကြိုက်စျေးခေါ်နေကြတာပဲ ” လို့ ကိုယ်တိုင် ကားမှတ်ပုံတင်ပြန်လုပ်ဖို့ ပြင်ဆင်နေသူတဦးက ပြောပါတယ်။
ဒါ့အပြင် ကားတချို့က အရင်မှတ်ပုံတင်စာအုပ်၊ အထောက်အထား မရှိကြတော့တာ၊ တချို့က စာအုပ်အထောက်အထားရှိပြီး ကားမရှိတော့တဲ့ ကွဲလွဲမှုတွေ ရှိနေပြီး စာအုပ်ပြန်ရောင်းဖို့ စျေးခေါ်တဲ့ စျေးကွက်ကလည်း သီးသန့်ဖြစ်ပေါ်နေတယ်လို့ အဲဒီကားလောကဆီက သိရပါတယ်။
“ မှတ်ပုံတင်မရတော့ဘူးဆိုပြီး စာအုပ်တွေဘာတွေ အလေးမထားခဲ့ကြတာ၊ အခုကျမှ အဲဒီအထောက်အထားရှိမှ ရမယ်ဆိုတော့ တိုင်ပတ်နေကြသူတွေလည်း ရှိတယ်၊ စာအုပ်ချည်းပဲကို သိန်း လေး၊ ငါးဆယ် စျေးခေါ်နေတာတွေ တွေ့တယ်။ အရောင်းဝယ်ဖြစ် မဖြစ်တော့ မသိဘူး၊ စာအုပ်မှာပါတဲ့ ကားအမျိုးအစား၊ အချက်အလက်တွေကလည်း တူဦးမှလေ ” လို့ ကားဝယ်ရောင်းလုပ်နေသူတဦးက ပြောပါတယ်။
ရှေးဟောင်း Classic မော်တော်ယာဥ်တွေကို တန်ဖိုးထား ထိန်းသိမ်းဖို့နဲ့ သမိုင်းဝင်ယာဥ်တွေအဖြစ် တရားဝင် မှတ်တမ်းတင်ခွင့် ပြုနိုင်ရေးအတွက် မှတ်ပုံတင်ပြန်လုပ်ပေးမှာ ဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မှတ်ပုံတင်ခွင့်ဆောင်ရွက်ရာမှာ မူလက မှတ်ပုံတင်ထားရှိခဲ့တဲ့ ယာဥ်တွေကိုပဲ ပြန်လည်ဆောင်ရွက်ခွင့်ပေးမှာ ဖြစ်ပြီး ရောက်ရှိယာဥ်အမှတ်သစ်နဲ့ သတ်မှတ်ပေးမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးတာကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးတွေမှာ ဖေဖော်ဝါရီလ (၁)ရက်ကနေ ဇူလိုင်လ (၃၁) ရက်အထိ ခြောက်လအတွင်း လက်ခံပြုလုပ်ပေးသွားမယ်လို့ ဆိုပါတယ်။
အဲဒီလို ရှေးဟောင်းကားတွေကို ပြန်ပြီးမှတ်ပုံတင်ဆောင်ရွက်ပေးမယ့် အစီအစဥ်ကို ၂၀၂၂ ခုနှစ်ကလည်း လုပ်ခဲ့ပေမယ့် စိတ်ဝင်စားသူနည်းခဲ့ပြီး အခုတကြိမ်မှာတော့ စိတ်ဝင်စားမှု ပြန်များလာတာလို့ ရှေးဟောင်းကားချစ်သူတွေက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ရှေးဟောင်း Classic ကားတွေကို နှစ်သက်လို့ ဝယ်ယူစုဆောင်းသူတွေ ရှိနေပြီး မှတ်ပုံတင်ရှိပြီး ကားတွေအပြင် လိုင်စင်မဲ့ ရှေးဟောင်းကားတွေလည်း ရောနှောရှိနေတယ်လို့ အဲဒီအသိုင်းအဝိုင်းက ပြောပါတယ်။
ဓာတ်ပုံ – Social Media
ပုံစာ – အဖိုးတန်ရှေးဟောင်းကားချစ်သူအဖွဲ့ တဖွဲ့က ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံအနှံ့ လှည့်လည်ခဲ့ကြစဥ်။