ကော့ကရိတ်မြို့ပေါ် မီးလောင်မှုဖြစ်ပွား

ဇန်နဝါရီ၊ ၂၁
 
တိုက်ပွဲကြောင့် ဒေသခံတွေ စစ်ရှောင်နေတဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ် အမှတ် ၅ ရက်ကွက်မှာ ဇန်နဝါရီလ ၂၁ ရက် ဒီကနေ့ ညနေ ၃ နာရီခန့်က နေအိမ်အများအပြား မီးလောင်‌နေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
 
” မြို့ထဲအိမ်တွေဆိုတော့ ဂတ်စ်တွေ သုံးတာများတယ်။ အခုလည်း ပေါက်ထွက်သံတွေ ကြားနေရတာ၊ အိမ်တွေအရမ်းကပ်ကြတာတော့ ကူးတာ မြန်နေတာပဲ ” လို့ ကော့ကရိတ်မြို့ခံတဦးက DNA ကို ပြောပါတယ်။
 
ကော့ကရိတ်မြို့ပေါ် အမှတ် ၅ ရပ်ကွက်၊ ရတနာလမ်းမှာ လူမရှိတဲ့နေအိမ်ကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး အမှတ်(၃)ရပ်ကွက်တွေဘက်ကိုပါ မီးကူးစက်လောင်ကျွမ်းနေပြီး ညနေ ၄ နာရီအထိလောင်နေတုန်းလို့ ဆိုပါတယ်။
 
မီးလောင်မှုဖြစ်ပွားတဲ့နေရာကို မီးသတ်တပ်ဖွဲ့တွေက လာရောက်ငြိမ်းသတ်ပေးတာမျိုး မရှိဘဲ ရပ်ကွက်မှာ ကျန်ရှိနေတဲ့ မြို့ခံတချို့က ကြိုးစားမီးငြိမ်းသတ်နေပေမယ့် မီးကို မထိန်းနိုင်သေးဘူးလို့ ဆိုပါတယ်။
 
” ဘယ်သူမှ မရှိဘူးလေ။ကျန်နေတဲ့ လူကြီးတချို့ကတော့ ကြိုးစားငြိမ်းသတ်နေကြပါတယ်။လုံးဝ မထိန်းနိုင်ဘူး။ ဒီအတိုင်းဆို ကုန်မှာ တမြို့လုံး၊ ဘယ်လောက်ပါမှန်း မှန်ဆလို့တောင်မရသေးဘူး” လို့ အဲဒီမြို့ခံက ပြောပါတယ်။
 
မီးလောင်မှုဘယ်လိုစဖြစ်ခဲ့သလဲဆိုတာကို မြို့ခံတွေက တိတိကျကျအတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
 
မီးလောင်မှု မဖြစ်ခင်မှာ လက်နက်ကြီးပစ်ခတ်သံတွေနဲ့ ဒရုန်းနဲ့ ဗုံးသီးချလို့ ကျရောက်ပေါက်ကွဲသံတွေ ကြားခဲ့ရတာ ရှိတယ်လို့ ဆိုပါတယ်။
 
” တချက်တချက် လက်နက်ကြီး အသံကြားရတာရှိတယ်။ ဒရုန်းတွေ ဝဲနေတာ သိပ်မကြာ ပေါက်ကွဲအသံတွေကြားရတာတော့ ရှိတယ်” လို့ နောက်ထပ်မြို့ခံတဦးက ပြောပါတယ်။
ကော့ကရိတ်မြို့ အမှတ်(၅)ရပ်ကွက်၊ လှိုင်ကွက်သစ် ၄ လမ်း၊ ၅ လမ်း၊ ၆ လမ်းမှာလည်း မီးလောင်လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၅ ရက် ညနက်ပိုင်းက နေအိမ်နှစ်ဆယ်ကျော်မီးလောင်ပြာကျခဲ့ပါသေးတယ်။
 
ကော့ကရိတ်မြို့ အမှတ်(၉၇)ခြေလျင်တပ်ရင်းနဲ့ မြို့အဝင်အထွက်တွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁ ရက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
 
နှစ်ဖက်ထိတွေ့တိုက်ပွဲတွေကြောင့် ကော့ကရိတ်မြို့ပေါ်နဲ့ အနီးတဝိုက်မှာကျေးရွာတွေက ဒေသခံ သောင်းချီ နေရပ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
 
အခုနှစ်ဆန်းပိုင်းမှာ ထိတွေ့တိုက်ပွဲတွေ ငြိမ်သက်နေပြီး လက်နက်ကြီးပစ်ခတ်မှုတွေလည်း နည်းပါးသွားတဲ့အတွက် မြို့ခံတချို့ နေအိမ်ကို ပြန်လာနေကြတာ ရှိတယ်လို့ ဆိုပါတယ်။ Website တွင် ကြည့်ရှုရန် >>>
 
ဓာတ်ပုံ – Social Media