ဆားလင်းကြီးမှာ လက်နက်ကြီးကြောင့် နှစ်နှစ်ခွဲအရွယ် ကလေးအပါအဝင် သုံးဦးသေဆုံး၊ ခုနှစ် ဦး ဒဏ်ရာရ

ဇန်နဝါရီ ၊ ၂၀

 စစ်ကိုင်းတိုင်း ၊ဆားလင်းကြီးမြို့နယ် မှာ  စစ်ကောင်စီ ရဲ့လက်နက်ကြီးကြောင့် နှစ်နှစ်ခွဲအရွယ် ကလေးငယ်တဦး အပါအဝင် သုံးဦးသေဆုံးခဲ့ကာ ခုနှစ်ဦးထိခိုက် ဒဏ်ရာရခဲ့တယ်လိုကာကွယ်ရေး တပ်တွေထံက သိရပါတယ်။

 “ ဒီနေ့ မနက် တိုက်ပွဲမရှိပဲပစ်တာ။ စစ်ရှောင် မိသားစုနေအိမ်တွေထဲ ကျပြီး ထိသွားတာ ။ ကလေး လေးရော နေရာမှာပဲ ဆုံးတာ။  အလောင်းတွေလည်း တစစီပဲစုတ်ပြတ်နေတာ “ လို့ ဆားလင်းကြီး မြို့နယ် ၊ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့(ပကဖ)တာဝန်ရှိသူ ကိုစစ်ငြိမ်းက ပြောပါတယ်။

 ဆားလင်းကြီးမြို့ပေါ်မှထွက်လာတဲ့ အင်အား ရှစ်ဆယ် နီးပါးပါ စစ်ကောင်စီစစ်ကြောင်းဟာ ဒီနေ့ ဇန်နဝါရီလ ၂၀ ရက်၊မနက် ၁ဝနာရီခန့် မှာလက်နက်ကြီးနဲ့ ကျွဲခိုတော ကျေးရွာဘက်ကို ပစ်ခတ်ခဲ့တာကြောင့် အဲဒီကျေးရွာရဲ့ မြောက်ဘက် လျှော်ဖြူခင်း ထဲကျရောက်ခဲ့တာပါ။

 အဲဒီလိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အသက်နှစ်နှှစ်ခွဲအရွယ် မိန်းကလေးငယ် တ ဦး အပါအဝင်၊၅၃နှစ်အရွယ် အမျိုးသား တဦးနဲ့ ၇၈ နှစ်အရွယ် အမျိုးသား တဦးတို့သေဆုံးခဲ့တယ်လို့ သိရပြီးသေဆုံးခဲ့သူတွေဟာ  မည်သူမည်ဝါ ဆိုတာ အတည်ပြုလို့ မရသေးဘူးလို့ ကိုစစ်ငြိမ်းက ဆိုပါတယ်။

 သေဆုံးခဲ့သူတွေကို ဒီနေ့မှာပဲ သဂြိုလ်ပေးလိုက်ပြီလို့ သိရပြီး ဒဏ်ရာရသူတွေကတော့ ဆေးကုသမှု ခံယူနေတယ်လို့သိရပါတယ်။

စစ်တပ်အာဏာသိမ်းချိန်းကနေ ဇန်နဝါရီလ ၁၉ ရက်အထိ စစ်တပ်လက်ချက်နဲ့သေဆုံးသူပေါင်း ၄,၃၉၉ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ထုတ်ပြန်ထားပါတယ်။

 အဲဒီစစ်ကြောင်းဟာ ကျွဲကတိုးရွာကို လက်နက်ကြီးနဲ့မပစ်ခတ်မီ မနက် ၆ နာရီခန့်မှာ ပြည်သူ့ကာကွယ်ရေး  တပ်တွေက အဲဒီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ အပြန်မှာ စစ်ကြောင်းနဲ့တိုးပြီးအပြန်အ လှန်ပစ်ခတ်မှုဖြစ်ပွားရာ PDF (ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ) တဦးကျဆုံးခဲ့သေးတယ်လို့သိရပါတယ်။

 “ ကျေးရွာကို မပစ်မီ စစ်ကြောင်းထိုးလာတာ သိလို့ ကာကွယ် ရေးတပ်တွေက သွားပြီး မိုင်းသွားဆွဲတာ။ ပြီးတော့ဆုတ်တဲ့ ချိန် စစ်ကြောင်းနဲ့တိုးပြီး ပစ်ခတ်မှုဖြစ်တာပေါ့ ။အဲ့ချိန်ကျသွားတာ “ လို့ ကိုစစ်ငြိမ်းက ပြောပါတယ်။

 ကျဆုံးခဲ့သူဟာ ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ (ဓားမဆိုင်းတပ်မတော်)ရဲ့ မိုင်းတာဝန်ခံ၊ တပ်စိတ်မှူး ရဲဘော်သက်မောင်မောင် (ခ) ငမောင်ဖြစ်တယ်လို့သိရပါတယ်။

 အခုလို ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီစစ်ကြောင်း ဟာ ကျွဲခိုတော ကျေးရွာဘက်ကိုလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အခုလို ဒေသခံတွေ သေဆုံးထိခိုက်ဒဏ်ရာ ရခဲ့တာပါ။

 လက်ရှိမှာတော့ အဲဒီ စစ်ကြောင်းဟာ သန်းမတော ကျေးရွာမှာ ယာယီအထိုင်ချထားတယ်လို့သိရပြီး အနီးအနားကျေးရွာက ဒေသခံထောင်ချီဘေးလွတ်ရာကို စစ်ဘေးတိမ်းရှောင်နေရပါတယ်။‌