နျူကလီးယား ထိပ်ဖူး တပ်နိုင်တဲ့ ရေအောက်ဒရုန်း စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယား ထုတ်ပြန်

ဇန်နဝါရီ ၊ ၂၀

ရန်သူ ထောက်လှမ်းလို့ မရနိုင်သလို နျူကလီးယား ထိပ်ဖူးပါ တပ်ဆင်နိုင်တဲ့ ရေအောက် ဒရုန်းလက်နက် တခုကို လက်တွေ့ စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ကြေညာပါတယ်။

 Haeil-5-23လို့ နာမည်ပေးထားတဲ့ လက်နက် စနစ်ကို နိုင်ငံရဲ့ အရှေ့ဖက် ကမ်းရိုးတန်း တနေရာကို စမ်းသပ် ပစ်ခတ်ခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ် အလားတူ လက်နက် စမ်းသပ်မှုတွေလည်း ဆက်လက် လုပ်ဆောင်သွားဦးမယ်လို့ KCNAက ဆိုပါတယ်။

 Haeil-5-23 လက်နက် စနစ်ကို စမ်းသပ်တာဟာ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့ရဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေကို ဆန့်ကျင်ကြောင်း ပြသတဲ့ အဓိပ္ပါယ်လည်း ဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။ အဲဒီ ရေအောက်ဒရုန်း စမ်းသပ် ပစ်ခတ်မှုကို ဘယ်နေ့က လုပ်ခဲ့သလဲ ဆိုတာကိုတော့ KCNAက တိတိကျကျ ဖော်ပြမထားခဲ့ပါဘူး။

 တောင်ကိုရီးယားကတော့ မြောက်ကိုရီးယားရဲ့ ဒရုန်းလက်နက် စမ်းသပ်မှုအကြောင်း ထောက်လှမ်းမိတာမျိုး မရှိကြောင်းနဲ့ အလွန်အကျွံ ပုံကြီးချဲ့ထားတဲ့ ဝါဒဖြန့်မှုတခု ဖြစ်နိုင်ကြောင်း ဆိုပါတယ်။ တကယ်လို့ မြောက်ကိုရီးယားဟာ လွန်ကဲတဲ့ ရန်လို ခြိမ်းခြောက်မှုတွေ ဆက်လက် လုပ်ဆောင်လာမယ် ဆိုရင်တော့ ပြင်းပြင်းထန်ထန် ကြမ်းကြမ်းတမ်းတမ်း လက်တုံ့ပြန်ရလိမ့်မယ်လို့လည်း တောင်ကိုရီးယားက သတိပေးထားပါတယ်။

 ကိုရီးယား ကျွန်းဆွယ်နားမှာ အခုသီတင်းပတ် အစောပိုင်းက အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Carl Vinson ဦးဆောင်ပြီး သုံးနိုင်ငံ ရေတပ်တွေ ပူးပေါင်း စစ်ရေးလေ့ကျင့်မှု တခုကို သုံးရက်ကြာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ လေ့ကျင့်မှုဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်ဆိုင်ရာ အစဉ်တစိုက် ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့ ဖြစ်တယ်လို့ အမေရိကန်က ဆိုပါတယ်။

 ဂျပန်နဲ့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနတွေကတော့ မြောက်ကိုရီးယားရဲ့ နောက်ဆုံး လက်နက် စမ်းသပ်မှုနဲ့ ပတ်သက်လို့ အသေးစိတ် မှတ်ချက်ပေးဖို့ ငြင်းဆိုထားပေမယ့်လည်း ပြိုင်ဘက် နိုင်ငံရဲ့ ဖျက်အားပြင်း လက်နက် နည်းပညာ မြှင့်တင်မှုတွေကို ဟန့်တားဖို့ အစဉ်တစိုက် အားထုတ်နေမယ်လို့ ပြောကြားထားကြပါတယ်။

Ref: VoA