တပ်ဖွဲ့ဝတ်စုံနဲ့ လုယက်မှု၊ ခိုးမှု ကျူးလွန်သူတွေကို သေဒဏ်ပေးမယ်လို့ MNDAA ထုတ်ပြန်

ဇန်နဝါရီ၊ ၁၉
 
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)ယူနီဖောင်းကို ဝတ်ဆင်ပြီး ဓားပြတိုက်၊ လုယက်မှု၊ ဖောက်ထွင်းမှုနဲ့ ငွေညှစ်မှု ကျူးလွန်သူတွေကို စစ်ခုံရုံးနဲ့ စစ်ဆေးကာ သေဒဏ်ချက်ချင်း စီရင်မယ်လို့ ကိုးကန့်တပ် MNDAA က ထုတ်ပြန်ပါတယ်။
 
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း MNDAA တပ်ဖွဲ့ဝင်တချို့ရဲ့ လုပ်ဆောင်တွေနဲ့ ပတ်သက်လို့ တိုက်ပွဲဖြစ်ရာ ဒေသတွေက ဒေသခံတွေ၊ စစ်ရှောင်တွေက ဝေဖန်ပြောဆိုခဲ့ကြတာတွေ ရှိခဲ့ပေမယ့် နှုတ်ဆိတ်နေခဲ့တဲ့ MNDAA ဟာ ကိုးကန့်ဒေသကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အခုလိုထုတ်ပြန်လာတာ ဖြစ်ပါတယ်။
 
အထက်ပါပြစ်မှုတွေ ကျူးလွန်ကို ဖမ်းမိပြီးနောက် စစ်ခုံရုံးက စစ်ဆေးမှာဖြစ်ကာ ပြစ်မှုကျူးလွန်ကြောင်း အတည်ပြုစစ်ဆေး ပေါ်ပေါက်ရင် ချက်ချင်းကွပ်မျက်မယ်လို့ ဒီကကနေ့တရုတ်ဘာသာနဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
တခြားပြစ်မှုတွေကိုတော့ အထူးအုပ်ချုပ်ရေးဒေသတွင်းက သက်ဆိုင်ရာ ရာဇဝတ်ဥပဒေတွေအတိုင်း ပြစ်ဒဏ်ချမှတ်မှာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေ ကျူးလွန်တဲ့ပြစ်မှုနဲ့ တပ်ဖွဲ့ဝင်အယောင်ဆောင် ကျူးလွန်တဲ့ပြစ်မှုတွေကို ခွဲခြားပြီး ပြစ်ဒဏ်ချမှတ်မယ်လို့ ဆိုပါတယ်။
 
၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် နှစ်လကျော်အတွင်း ကိုးကန့်ဒေသတခုလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ MNDAA တပ်ဖွဲ့ဟာ လက်ရှိအပစ်ရပ်ကာလအတွင်း ဒေသတွင်း အုပ်ချုပ်ရေးယန္တရားတွေကို စတင်အသက်သွင်းလည်ပတ် နေပါတယ်။
 
အထက်ပါ ထုတ်ပြန်ချက်အပါအဝင် ဒီနေ့ တရက်တည်း MNDAA ရဲ့စစ်ကော်မရှင်နဲ့ အုပ်ချုပ်ရေးဆိုင်ရာဌာနတွေ က ကြေညာချက်သုံးခုထုတ်ပြန်ရာမှာ အရပ်ဘက်ဆိုင်ရာ ထုတ်ပြန်ချက်နှစ်ခုပါဝင်ပါတယ်။
 
အဲ့ဒီကြေညာချက်တွေထဲက တခုမှာတော့ ကိုးကန့်ဒေသအတွင်း စစ်ကောင်စီလက်အောက်ခံ ကိုးကန့်အစိုးရ အ ဖွဲ့ရဲ့ ပိုင်ဆိုင်မှုတွေအများအပြားရှိနေသေးတာကြောင့် သတ်မှတ်ဒေသဧရိယာတွေမှာအိမ်ဆောက်လုပ်တာ၊ မြေနဲ့ ဟိုတယ်အဆောက်အအုံတွေလွှဲပြောင်းရောင်းချတာတွေကိုရပ်ဆိုင်းထားဖို့ဖော်ပြထားပါတယ်။
 
သက်ဆိုင်တဲ့ဌာနတွေဆီက ခွင့်ပြုချက်မရဘဲ အိမ်ဆောက်တာ၊မြေ၊မော်တော်ယာဉ်တွေ လွှဲပြောင်းရောင်းချတာ ၊ဝယ်ယူတာတွေလုပ်ရင် တရားမဝင် ပိုင်ဆိုင်မှုအဖြစ်သတ်မှတ်မယ်လို့ဆိုထားပါတယ်။
 
အလားတူ နောက်ထပ်ကြေညာချက်တရပ်မှာတော့ လာမယ့် တရုတ်နှစ်သစ်ကူးကာလ ကိုးကန့်ဒေသအတွင်း လူဦးရေတရာထက်ပိုတဲ့ အခမ်းအနားတွေကျင်းပမှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။
 
စစ်ပွဲအပြီးမှာ လူဦးရေအများအပြားပါဝင်တဲ့ လူစုလူဝေးအခမ်းအနားတွေကျင်းပမှုကြောင့် ဘေးကင်းလုံခြုံရေး ဆိုင်ရာ မတော်တဆမှုတွေကို ကာကွယ်နိုင်ဖို့အတွက် အဲ့ဒီလိုကန့်သတ်တာလို့ ဖော်ပြပါတယ်။
 
ဒါ့အပြင် ကျောင်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့လည်း လာမယ့် နှစ်သစ်ကူးကာလအတွင်း ပျော်ပွဲရွှင်ပွဲ၊လူစုလူဝေးပွဲတွေမလုပ်ဖို့ တားမြစ်ထားပါတယ်။
 
ဓာတ်ပုံ – The Kokang