ဒီချုပ်ပါတီဝင် ဧရာဝတီတိုင်း လွှတ်တော်အမတ် ဦးစိုးမိုးထွန်းကို စစ်ကောင်စီဖမ်းဆီး

ဇန်နဝါရီ၊ ၁၉
 
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်က ဒီချုပ်ပါတီဝင် တိုင်းလွှတ်တော်အမတ် ဦးစိုးမိုးထွန်းကို စစ်ကောင်စီက မြင်းကဆိပ်ရွာ မှာရှိတဲ့ နေအိမ်ကနေ မနေ့ညက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
“ ညဘက်ကြီး ရွာထဲကို ရုတ်တရက် စစ်ကားနဲ့ရဲကား ပြီးတော့ ကားအဖြူတစီး ရောက်လာပြီး အကိုကြီး ကိုစိုး (ဦးစိုးမိုးထွန်း) ကို အိမ်မှာဖမ်းသွားတယ်၊ အိမ်ကိုလည်း မွှေနှောက်ရှာတယ် ဘာမှမတွေ့ ဘာမှမသိမ်းဘူး ရွာထဲ အုပ်လိုက်ကြီး လူစိမ်းတွေ ရုတ်ရုတ်နဲ့ဆိုတော့ ခွေးတွေ ဟောင်တာ ဓါးပြတွေ ရွာထဲဝင်လာသလား မှတ်ရတယ် ” လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
 
ဦးစိုးမိုးထွန်းဟာ စစ်တပ်အာဏာသိမ်းတဲ့နေ့က ပုသိမ်မြို့က တိုင်းဒေသကြီး လွှတ်တော်ရုံးဝန်းရှိ ကိုယ်စားလှယ်များ နားနေဆောင်မှာ တခြားတိုင်းလွှတ်တော် ကိုယ်စားလှယ်တွေနဲ့အတူ ထိန်းသိမ်းခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာသူတဦး ဖြစ်ပါတယ်။
 
အဲဒီနောက် အာဏာသိမ်း စစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တချို့ကို ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးဝရမ်းထုတ်ခဲ့ပေမယ့် ဦးစိုးမိုးထွန်းကိုတော့ အခုမှ ရုတ်တရက်ဖမ်းဆီးသွားတာပါ။
 
လက်ရှိ အခြေအနေ မှာ ဦးစိုးမိုးထွန်းကို ဘာကြောင့်ဖမ်းဆီးတယ်၊ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာတွေကို မသိရသေးပါဘူး။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းသွားပြီး အဲဒီတိုင်းလွှတ်တော်အမတ်ဟာ ကျန်းမာရေးမကောင်းလို့ ဆေးကုသနေရသူတဦး ဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူတဦးက DNA ကိုပြောပါတယ်။
 
“ ကန်ကြီးထောင့် ရဲစခန်းကလည်း သူတို့ဆီမှာ မရှိဘူး မသိဘူး ပြောတဲ့အတွက် အနောက်တောင်တိုင်း စစ်ဌာနချုပ်က စစ်ကြောရေးစခန်း တခုခုကို ခေါ်သွားတာပဲ ဖြစ်မယ် ” လို့ သူကဆက် ပြောပါတယ်။
 
ဦးစိုးမိုးထွန်း ဟာ အရင်က ကျောင်းဆရာ တဦးဖြစ်ခဲ့ပြိး ၂၀၁၅ ခု နှစ် ရွေးကောက်ပွဲကစတင်ကာ ကန်ကြီးထောင့်မြို့နယ်ကနေ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပြီး ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာလည်း အဲဒီမဲဆန္ဒနယ်ကနေပဲ ဆက်လက်အနိုင်ရရှိခဲ့သူ ဖြစ်ပါတယ်။
 
NLD ပါတီဝင်အမတ်အများစု လွှမ်းမိုးတဲ့ ၂၀၁၅ ခုနှစ် ဧရာဝတီတိုင်းလွှတ်တော်မှာ ဦးစိုးမိုးထွန်းဟာ အလုပ်သမားရေးရာ ကော်မတီ အတွင်းရေးမှူး တာဝန် နဲ့ ပြည်သူတို့၏ တိုင်ကြားစာများ စီစစ်ရေးကော်မတီဝင် တာဝန်တို့ကို ထမ်းဆောင်ခဲ့ပြီး သိမ်းဆည်းခံ မြေများ ပြန်ရရှိရေးအတွက် ဆောင်ရွက်ခဲ့သူတဦး ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်အထိ လွှတ်တော်ကိုယ်စားလှယ် ၇၁ ဦးအပါအဝင် ပါတီဝင် ၁၃၀၀ နီးပါးကို ဖမ်းဆီးထားပြီး အဲဒီအထဲက လွှတ်တော်ကိုယ်စားလှယ်သုံးဦးနဲ့ ပါတီဝင် ၁၀၁ ဦး သေဆုံးခဲ့တယ်လို့ NLD ပါတီကထုတ်ပြန်ထားပါတယ်။
 
ဧရာဝတီတိုင်းမှာတော့ ပန်းတနော်မြို့နယ်ပါတီ အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးလည်း ဖြစ် တိုင်းလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါက်တာတင်မင်းထွဋ်၊ သာပေါင်းမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပုသိမ်မြိုနယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် တဦး နဲ့ ငပု တော မြို့နယ်က တိုင်းလွှတ်တော် ကိုယ်စားလှယ် တဦး တို့ကို ပုသိမ်ထောင်ထဲမှာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထားပါတယ်။
 
ဓာတ်ပုံ – Social Media