တော်လှန်ရေးအောင်မြင်ဖို့ CDM တွေရဲ့အခန်းကဏ္ဍကို CDM နိုင်ငံ့ဝန်ထမ်းညီလာခံမှာ ဆွေးနွေးမယ်

ဇန်နဝါရီ၊ ၁၉
လေးရက်အကြာ ကျင်းပဖို့ရှိတဲ့ CDM နိုင်ငံ့ဝန်ထမ်းညီလာခံမှာ တော်လှန်ရေး အမြန်ဆုံးအောင်မြင်နိုင်ဖို့ CDM ဝန်ထမ်းတွေအနေနဲ့ ဘယ်လို ဆက်ပြီး ပူးပေါင်းပါဝင်ကြမလဲဆိုတာ ဆွေးနွေးသွားကြဖို့ ရှိတယ်လို့ညီလာခံ ဖြစ်မြောက်ရေးကော်မတီဝင် ဆရာ ဦးနောင်ချို က ပြောပါတယ်။
“ CDM ထုအနေနဲ့ တော်လှန်ရေး အမြန်ဆုံးအောင်မြင်ဖို့ ဘာတွေထပ်လုပ်ဖို့ လိုအပ်နေသေးလဲ၊ တော်လှန်ရေးမှာ တာဝန်ရှိသူတွေကို ဘာတွေအကြံပြုချင်လဲ၊ ဒါတွေကို ဖော်ထုတ်ဆွေးနွေးနိုင်ဖို့ဟာလည်း ညီလာခံကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်တခုပဲ ဖြစ်ပါတယ် ” လို့ ဒီကနေ့ အွန်လိုင်းကနေတဆင့် ပြုလုပ်တဲ့ ညီလာခံဖွင့်ပွဲအခမ်းအနားမှာ သူကပြောပါတယ်။
ဒါ့အပြင် အဲဒီညီလာခံမှာ တော်လှန်ရေးအောင်မြင်စေဖို့ ကြန့်ကြာစေတဲ့ အကြောင်းအရင်းတွေနဲ့ နိုင်ငံရေး အကျပ်အတည်းတွေကိုလည်း ဖော်ထုတ်ဆွေးနွေးသွားကြဖို့ ရှိတယ်လို့ ဆရာ ဦးနောင်ချိုက ပြောပါတယ်။
CDM နိုင်ငံ့ဝန်ထမ်းညီလာခံကို မနက်ဖြန် ဇန်နဝါရီ ၂၀ ရက်ကနေ ၂၃ ရက်အထိ အွန်လိုင်းကနေ ပြုလုပ်သွားမှာ ဖြစ်ပြီး CDM ဝန်ထမ်းအများစုနဲ့ စုဖွဲ့ထားကြတဲ့ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍအသီးသီးက အစုအဖွဲ့ ၇၅ ဖွဲ့ရဲ့ ကိုယ်စားလှယ်တွေကို တက်ရောက်ဖို့ ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
အခုလို CDM နိုင်ငံ့ဝန်ထမ်းညီလာခံ ကျင်းပနိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နှစ်လယ်လောက်ကတည်းက စတင်ကြိုးပမ်းလာခဲ့ပေမယ့် ညီလာခံကျင်းပရေးအပေါ် စိတ်ဝင်စားမှု နည်းကြတာနဲ့ တခြားအခက်အခဲတချို့ကြောင့် ကြန့်ကြာနေခဲ့ပြီး အခုမှ ကျင်းပနိုင်တာလို့လည်း သိရပါတယ်။
ညီလာခံဖြစ်မြောက်ရေး ကော်မတီဝင် ဒေါက်တာလွမ်းဝေကတော့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စစ်ရေးအရှိန် မြင့်လာတဲ့အချိန် လက်နက်မဲ့ လူထုတိုက်ပွဲတွေဖြစ်တဲ့ သပိတ်၊ CDM လှုပ်ရှားတွေလည်း ဟန်ချက်ညီညီ ပါဝင် လှုပ်ရှားဖို့လိုလာတာကြောင့် ညီလာခံဖြစ်မြောက်ရေး ပိုမိုအားစိုက်ခဲ့ကြတာလို့ ပြောပါတယ်။
“ CDM တွေရဲ့အသံဟာ ဖားအော်သံလိုမျိုး ဟိုတနေရာ၊ ဒီတနေရာဖြစ်မနေဘဲနဲ့ တကယ့်မိုးခြိမ်းသံလိုမျိုး တိုက်ပွဲမှာ အင်နဲ့အားနဲ့ ပါဝင်နိုင်ဖို့လိုတယ်ဆိုတဲ့ အခြေခံကနေပြီးတော့ ညီလာခံကို ဒုတိယတကြိမ် ထပ်မံပြီးတော့ တိုက်တွန်းခဲ့တာ ဖြစ်တယ် ”လို့လည်း ဒေါက်တာ လွမ်းဝေက ပြောပါတယ်။
CDM လှုပ်ရှားမှုရဲ့ အရေးပါမှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းကနေ နားလည်သဘောပေါက်စေဖို့လည်း ရည်ရွယ်ထားတဲ့ အဲဒီညီလာခံကနေ CDM ဝန်ထမ်းတွေရဲ့ လွတ်လပ်တဲ့ စုဖွဲ့မှုတခု ပေါ်ပေါက်လာဖို့ ကြိုးပမ်းသွားမယ်လို့လည်း သိရပါတယ်။
“ ဝိုင်းပြီး ဆွေးနွေးအဖြေရှာကြမယ်ဆိုတော့ ဘာဆက်လုပ်ကြမလဲဆိုတဲ့ နည်းလမ်းတွေ ထွက်လာလိမ့်မယ်ထင်တယ် ” လို့ CDM အခြေခံပညာ ကျောင်းဆရာမတဦးက DNA ကို ပြောပါတယ်။
ဒါ့အပြင် ညီလာခံကနေတဆင့် CDM ဝန်ထမ်းတွေရဲ့ လုံခြုံရေး၊ ကျန်းမာရေး စတာတွေနဲ့ ပတ်သက်ပြီး အထောက်အကူတချို့ ရနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း စစ်ကောင်စီရဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အဲဒီ CDM ကျောင်းဆရာမက ပြောပါတယ်။
ဒီကနေ့ ပြုလုပ်တဲ့ ညီလာခံဖွင့်ပွဲအခမ်းအနားကိုတော့ NUG ယာယီသမ္မတနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့က သဝဏ်လွှာပေးပို့ခဲ့ကြသလို NUCC၊ KNU၊ ကျောင်းသားတပ်မတော် (ABSDF)နဲ့ မြန်မာ နိုင်ငံအလုပ်သမားတပ်ပေါင်းစုတို့က တာဝန်ရှိသူတချို့ တက်ရောက်အမှာစကားပြောခဲ့ကြပါသေးတယ်။
ဓာတ်ပုံ – Social Media