မိုးမိတ်မှာ မြို့တွင်းအထိ တိုက်ပွဲပြင်းထန်နေပြီး အရပ်သားထိခိုက်သေဆုံးမှုလည်းရှိ

ဇန်နဝါရီ၊ ၁၉
 
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့တွေကြား မနေ့မနက်ပိုင်းကစလို့ ဒီကနေ့ ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ တိုက်ပွဲတွေကတော့ အခုထိပြင်းပြင်းထန်ထန် ဖြစ်နေတုန်းပဲ အခုမြို့ထဲအထိပါ ဖြစ်နေတယ်၊ လေယာဉ်နဲ့ ပစ်လို့ ထိခိုက်သေဆုံးမှုတွေ ရှိတယ်၊ ရွှေဇာလီဖက်မှာ အမျိုးသားတဦး ဆုံးသွားတယ်ကြားတယ် အခြားနေရာတွေမှာ သေတာတွေ ရှိတယ် “ လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။
 
KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက မနေ့က မနက်သုံးနာရီလောက်ကစလို့ မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို မြို့ပတ်ပတ်လည်က ဝိုင်းပတ်ပိတ်ဆို့ပြီး ဝင်ရောက်တိုက်ခိုက်နေတာလို့ သူကဆိုပါတယ်။
 
မနေ့က ညနေပိုင်းမှာ တိုက်ပွဲတွေ ခေတ္တငြိမ်သက်သွားပေမယ့် ဒီနေ့မနက် ခုနစ်နာရီလောက်ကစပြီး မိုးမိတ်မြို့ ရဲစခန်းနဲ့ မြို့လယ်ဈေးအနီးမှာ တိုက်ပွဲပြန်ပြင်းထန်နေတာလို့ သိရပါတယ်။
 
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က မြို့တွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်နေသလို လေယာဉ်နဲ့လည်း ဗုံးကြဲချတာတွေ ဆက်တိုက်ဆိုသလို လုပ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။
 
“ ကျွန်မတို့ကို အခုထိ ထွက်လို့ မရသေးဘူး၊ ဗုံးခိုကျင်းထဲမှာပဲ နေရတယ် အရမ်းလည်း ကြောက်နေတယ် ဖြစ်နိုင်ရင်တော့ မြို့ထဲကလူတွေကို အပြင်ထွက်ဖို့ အချိန်ခဏပေးစေချင်တယ် “ လို့ နောက်ထပ် ဒေသခံ အမျိုးသမီးတဦးကလည်း ပြောပါတယ်။
 
မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ကဦးဆောင်ပြီး မဟာမိတ် ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်နေပြီး မနေ့ကတိုက်ပွဲမှာ ရဲစခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
မိုးမိတ်မြို့အဝင်မှာ စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ (၃၄၈)၊ ခလရ (၂၇၆) နဲ့ ခလရ (၂၂၃) တပ်ရင်းသုံးခုရှိပြီး အဲဒီတပ်ရင်းတွေကနေ မြို့အတွင်းကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ပေးနေတယ်လို့ ဆက်ပြောပါတယ်။
 
လက်ရှိမှာလည်း မြို့အတွင်းရှိ ပြည်သူပိုင်နေအိမ်တွေ ထိခိုက်ပျက်ဆီးတာတွေ ရှိသလို ဘုန်းတော်ကြီးကျောင်း တွေအပြင် ဘာသာရေးအဆောက်အဦးတွေလည်း စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးတာတွေ ရှိပေမယ့် အရေအတွက် အတိအကျကိုတော့ မသိနိုင်သေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
 
ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုအရ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ လက်တလော နှစ်ဖက်အပစ်ရပ်ထားပေမယ့် မိုးမိတ်မြို့နဲ့ ကွတ်ခိုင်မြို့အနီးက နမ့်ဖက်ကာ ရွာတွေမှာတော့ ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဖြစ်နေကြတာပါ။
 
ဓာတ်ပုံ​ – Social Media