အိန္ဒိယမှာ စက်လှေမှောက်ပြီး ကလေးအများစု အပါအဝင် တဒါဇင်ကျော် သေဆုံး

ဇန်နဝါရီ၊ ၁၉

အိန္ဒိယနိုင်ငံမှာ စက်လှေ တိမ်းမှောက်မှုကြောင့် ကလေးအများစု အပါအဝင် လူပေါင်း တဒါဇင်ကျော် ရေနစ် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဂူဂျာရတ် ပြည်နယ်ထဲမှာ ကျောင်းပျော်ပွဲစား ထွက်လာတဲ့ ကူးတို့လှေတစီး ဇန်နဝါရီ ၁၈ ရက်က တိမ်းမှောက်မှု ဖြစ်ခဲ့တာပါ။ ဒေသခံ ရဲတပ်ဖွဲ့က ဆရာမ ၂ ဦးနဲ့ ကျောင်းသူကျောင်းသား ကလေးငယ်တွေ စုစုပေါင်း လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုထားပြီး ပျောက်ဆုံးနေဖွယ် ရှိသူတွေကို ဖြန့်ကျက် ရှာဖွေနေဆဲလို့ ပြောပါတယ်။

 ဗာဒိုဒါရာ မြို့ထဲက ဟာနီ ရေကန်ထဲမှာ စက်လှေမှောက်ခဲ့ရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ လှေပေါ်မှာ ကလေးအများစု အပါအဝင် လူ ၂၇ ဦး စီးနင်းလိုက်ပါခဲ့တယ်လို့ ယုံကြည်ရပါတယ်။

ဒေသခံ ရဲတပ်ဖွဲ့ ကော်မရှင်နာ အနူပမ်ဆင်း ဂါလော့က လူ ၇ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးရုံတင်ပို့ထားတယ်လို့ ပြောပါတယ်။ ဒါကြောင့် နောက်ထပ် ၆ ဦးလောက် ပျောက်ဆုံးနေတဲ့ သဘောပါပဲ။

ဂါလော့က စက်လှေ မောင်းနှင်သူတွေဟာ ခရီးသည်တွေအတွက် အသက်ကယ် အင်္ကျီတွေ ထောက်ပံ့ပေးထားဖို့ ပျက်ကွက်ခဲ့ကြောင်းလည်း ပြောကြားသွားပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက အခုဖြစ်စဉ်မှာ ထိခိုက်သေဆုံးသူတွေ၊ နာကျင်ခံစားရတဲ့ မိသားစုတွေနဲ့ ထပ်တူရှိနေပါတယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသား ဖော်ပြခဲ့ပါတယ်။ ဂူဂျာရတ် ပြည်နယ် အုပ်ချုပ်ရေးမှူး ဘူပန်ဒရာ ပက်တဲလ်က သေဆုံးခဲ့သူတွေအတွက် နစ်နာကြေးအဖြစ် မိသားစုတွေဆီ ရူပီး ၄ သိန်း (ဒေါ်လာ ၄၈၀၀)နဲ့ ဆေးရုံတက်ခဲ့ရသူတွေအတွက် ရူပီး ၅ သောင်း (ဒေါ်လာ ၆၀၀) ထောက်ပံ့သွားမယ်လို့ ကြေညာခဲ့ပါတယ်။

အိန္ဒိယမှာတော့ လူအများအပြား သေဆုံးတဲ့ လှေမှောက်မှု သတင်းတွေက သိပ်ပြီး အဆန်းတကြယ် မဟုတ်တော့ပါဘူး။ လှေတွေရဲ့ ကြံ့ခိုင်မှုနဲ့ ပြုပြင်ထိန်းသိမ်းမှု အားနည်းတာ၊ လူတွေ မတန်တဆ တင်ဆောင်တာ၊ လုံခြုံရေး ကိရိယာတွေ ခေါင်းပါးတာတွေက အခုလို အဖြစ်ဆိုးတွေ ကြုံစေတဲ့ အဓိက အကြောင်းတရားတွေလည်း ဖြစ်ပါတယ်။

မနှစ်တုန်းကလည်း အိန္ဒိယတောင်ပိုင်း၊ ကီရာလာ ပြည်နယ်ထဲမှာ စက်လှေတိမ်းမှောက်မှုကြောင့် လူ ၂၂ ဦး သေဆုံးခဲ့ပါတယ်။

 

Ref: AP