ရှမ်းမြောက်မှာ အပစ်ရပ်ထားပေမယ့် ကိုးကန့်တပ်ထိန်းချုပ်နယ်မြေမှာ တိုက်ပွဲပြန်ဖြစ်ပွား

ဇန်နဝါရီ၊ ၁၇
 
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တရုတ်နိင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ယာယီအပစ်ရပ်ထားပေမယ့် ကိုးကန့်တပ် (MNDAA) ထိန်းချူပ်ထားတဲ့ ကိုးကန့်မှာ တိုက်ပွဲပြန်ဖြစ်ပွားခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
မနေ့က ဇန်နဝါရီလ ၁၆ ရက်၊ ညနေပိုင်းမှာ ကိုးကန့်တပ်တွေ အခြေချ တပ်စွဲထားတဲ့ ကချင်တောင်ရဲ့ မီတာသုံးဆယ်အကွာအဝေးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဝင်ရောက်ပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် မိနစ် နှစ်ဆယ်ကျော် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
 
လက်ရှိ ရှမ်းမြောက်ဒေသမှာ အပစ်ရပ်ထားပေမယ့် စစ်ကောင်စီတပ်တွေက သဘောတူညီချက်တွေကို ချိုးဖောက်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာ လေယာဉ်နဲ့ ဗုံးကြဲတာတွေအပြင် စစ်အင်အားဖြည့်တင်းတာတွေ ဆက်လက်လုပ်ဆောင်နေတဲ့အတွက် စောင့်ကြည့်နေရတယ်လို့ တအာင်းတပ် (TNLA) အဖွဲ့ သတင်းနဲ့ပြန်ကြားရေးရုံး အရာရှိတဦးက ပြောပါတယ်။
 
“ (အပစ်ရပ်ထားတဲ့အပေါ်) သက်ရောက်မှုတော့ ရှိမှာပါ။ ဒါပေမယ့် ကျမတို့က စောင့်ကြည့်နေတဲ့ အခြေအနေဆိုတော့ ပြောဖို့တော့ စောပါသေးတယ်။ တခြားတော့ ပြောဖို့ မရှိသေးဘူး။ အပစ်ရပ်ထားပေမယ့် ကျမတို့ရှိနေတဲ့ ဖက်တွေကို သူတို့က ထိုးစစ်ဆင်နေတဲ့ အနေအထားပါ ” လို့ သူကဆိုပါတယ်။
 
မနေ့က မိုးမိတ်မြို့နယ်၊ ကွတ်ခိုင်မြို့ဖက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်သွားသလို မိုးမိတ်မြို့နယ်နဲ့ ကျောက်မဲမြို့နယ်ဖက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိခဲ့လို နေအိမ်အဆောက်အဦး ထိခိုက်ပျက်ဆီးတာတွေရှိခဲ့တယ်လို့ သူကဆိုပါတယ်။
 
ဒါအပြင် စစ်ကောင်စီတပ်တွေက ရှမ်းမြောက်ဒေသရှိ မူဆယ်မြို့ကို ထောက်ပို့ရေး ရဟတ်ယာဉ်တွေကို အသုံးပြုပြီး စစ်လက်နက်နဲ့ လူအင်အား ဖြည့်တင်းတာတွေ လုပ်ဆောင်နေတယ်လို့ သူကဆက်ပြောပါတယ်။
 
ရှမ်းမြောက်ဒေသရှိ နယ်မြေတွေကို တော်လှန်ရေးအင်းအားစုတွေက စတင်ထိုးစစ်ဆင်တာမရှိတဲ့အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲကြီးကြီးမားမား မရှိခဲ့သော်လည်း ဒီလ ၁၃ ရက်နောက်ပိုင်း စစ်ကောင်စီတပ်ရဲ့ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲတွေရှိနေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တပ်တွေဟာ ဒီလ ၁၁ ရက် ကစတင်ပြီး နှစ်ဖက်ထိတွေ့မှု တွေမဖြစ်ဖို့နဲ့ အပစ်ရပ်ဖို့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ သဘောတူခဲ့ကြတာပါ။
 
နှစ်ဖက် အပစ်ရပ်သဘောတူညီမှုတွေအရ ရှမ်းမြောက်ဒေသက ညီနောင်မဟာမိတ်အဖွဲ့တွေ ထိန်းချူပ်ထားတဲ့ မြို့နယ်တွေကို စစ်ကောင်စီတပ်တွေက လေကြောင်း၊လက်နက်ကြီး ပစ်ခတ်တာတွေ မလုပ်ဖို စစ်ကောင်စီတပ်တွေရဲ့ စစ်စခန်းတွေ ဗျူဟာကုန်းတွေကိုလည်း ညီနောင်အဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်တာတွေ မလုပ်ဖို့ သဘောတူထားတာပါ။
 
စစ်ကောင်စီတပ်တွေက နှစ်ဖက်ညှိနှိုင်းထားတဲ့ အပစ်ရပ်သဘောတူညီချက်တွေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေတယ်လို့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
 
စစ်ဆင်ရေး ၁၀၂၇ ကာလ နှစ်လခွဲကျော်အတွင်း စစ်ကောင်စီဟာ ရှမ်းမြောက်က မြို့ပေါင်း ၁၇ မြို့နဲ့ စစ်စခန်းပေါင်းရာနဲ့ချီကို လက်နက်ခဲယမ်းအများအပြားနဲ့ အတူလက်လွှတ်ဆုံးရှုံးထားတာလည်း ဖြစ်ပါတယ်။
 
စစ်ကောင်စီတပ်ဟာအထိနာလာရင် အခုလိုပဲ အပစ်ရပ်တာ၊ ငြိမ်းချမ်းရေး စကားဝိုင်းတွေကို ဖန်တီးပြီး အချိန်ဆွဲလေ့ရှိသလို နောက်ပိုင်း အင်အား ပြန်လည်ကောင်းမွန်လာရင် ဖိနှိပ်မှုတွေကို ပြန်လည် လုပ်ကိုင်တက်တဲ့အတွက် ပေးထားတဲ့ ကတိတွေကို လွယ်လွယ်ချိုးဖောက်တက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တဦးက သုံးသပ်ပါတယ်။
 
“ အခုအပစ်ရပ်တယ်ဆိုတာကလည်း တရုတ်ဖိအားတွေကြောင့် မဖြစ်မနေ လုပ်နေရတယ်လို့ ကျနော်တို့နားလည်ထားတာပေါ့နော်။ အဲတော့ ဘယ်လောက်အထိရပ်မှာလည်းပေါ့ ။ဒါမျိုးမပါဘူး။ အခုလည်းပဲ စစ်တပ်က ကတိမတည်ဘဲ ပစ်ခတ်လာတယ် ။သူတို့ကျတဲ့သိက္ခာအတွက် ပြန်တိုက်မှာပဲ ။ဒီတိုင်းသာသွားရင် ရှမ်းမြောက်မှာ တိုက်ပွဲတွေ ဆက်မြင်ရလိမ့်မယ်လိုထင်တယ် ” လို့ သူကဆိုပါတယ်။
 
ဓာတ်ပုံ – The Kokang (ပုံဟောင်း)