မြန်မာလုပ်သားတွေရဲ့ လစာ ဘတ်နှစ်သိန်းကျော်ရှင်းမပေးလို့တိုင်ကြား

ဇန်နဝါရီ၊ ၁၆

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့  ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုက  မြန်မာရွှေ့ပြောင်း လုပ်သား ၂၆ ဦးရဲ့ လုပ်ခလစာ ဘတ်ငွေနှစ်သိန်း(သိန်းနှစ်ရာ) နီးပါးကို ရှင်းမပေးတဲ့ ဆောက်လုပ်ရေး တာဝန်ခံကို တိုင်ကြားလိုက်တယ်လို့ ကာယကံရှင်တွေနဲ့ အလုပ်သမားအရေးဆောင်ရွက်သူတွေထံက သိရပါတယ်။

” အစကတော့ သွားပြီ ပြန်မရတော့ဘူးပေါ့ ထင်တာပေါ့။အဲဒါ အလုပ်သမားကူညီပေးတဲ့ အဖွဲ့တွေက ကူညီပေးလို့ မနေ့က ၂၆ ယောက်လုံး သွားတိုင်ထားတယ်။ ပြန်ရမယ်ထင်တာပဲ” လို့ လစာမရလို့ တိုင်ကြားထားတဲ့ မြန်မာလုုပ်သားကိုထက်က ပြောပါတယ်။

အမျိုးသမီးကိုးဦးနဲ့ အမျိုးသား ၁ရတို့ပါဝင်တဲ့ မြန်မာလုပ်သားတွေဟာ  မဲဆောက်မြို့၊ အမှတ် ၂ ချစ်ကြည်ရေးတံတားအနီး ဝမ်ခါကျေးရွာမှာ ဆောက်လုပ်နေတဲ့ ထိုင်းအစိုးရပိုင် လူဝင်မှုကြီးကြပ်ရေးရုံးအဆောက်အအုံတည်ဆောက်ရေးမှာ လုပ်ကိုင်နေတာပါ။

ဒါပေမဲ့ ထိုင်းနိုင်ငံသားဆောက်လုပ်ရေး တာဝန်ခံ ဖိုးလက်မောင်းက ၂၀၂၃ ခုနှစ်၊ ဇွန်လကနေေ အာက်တိုဘာလအထိ လုပ်ခလစာတွေကို ရှင်းမပေးတဲ့အတွက်  ဇန်နဝါရီလ ၁၅ ရက်မှာ မဲဆောက်မြို့က အလုပ်သမားကာကွယ်ရေးနဲ့ လူမှုဖူလုံရေးရုံး (စဝတ်ဒီကန်ရုံး) ကို သွားရောက် တိုင်ကြားထားတယ်လို့ ဆိုပါတယ်။

” လိမ်ခံထိတာပေါ့။သူပေးမယ် ပြောတယ်။နောက်ဖုန်းဆက်တော့ မရှိတော့ဘူး။ သူ့မှာတောင် သုံးစရာမရှိဘူးတဲ့ အလုပ်တာဝန်ခံလေ အခုမပေးတာ၊ သူသုံးလိုက်ပုံရပါတယ်။ နှစ်ဝက်လောက်တောင် ကြာနေပြီ ကျွန်တော်တို့လည်း ဒုက္ခရောက်တာပေါ့။ မိသားစုတွေနဲ့လေ” လို့ ကိုထက်က ပြောပါတယ်။

သူတို့ရဲ့ လုပ်ခ လစာအဖြစ် အလုပ်သမား တဦးကို အနိမ့်ဆုံး ဘတ် ငါးထောင် ကနေ ၁၂,၀၀၀ အထိ ရရှိရမှာဖြစ်ပြီး လုပ်အားခလစာ စုစုပေါင်း ဘတ်ငွေနှစ်သိန်းနီးပါးကို  ဆောက်လုပ်ရေးတာဝန်ခံက လိမ်လည်ခဲ့တာ ဖြစ်ပါတယ်။

‘’ပိုက်ဆံက ပုံမှန်ဆို ၁၅ ရက်တခါရှင်းတာဗျာ။၁၅ ရက်ပြည့်တော့ မရှင်းဘူး။ မရှင်းတော့အလုပ်သမားတွေက အလုပ်မဆင်းဘူး။ အလုပ်ခဏရပ်တယ်။ ပေးမယ်ပြောပြန်ရော။ တခါထပ်ဆင်းကြပြန်၊ အဲဒီလို ဆင်းလိုုက်၊ မဆင်းလိုက်နဲ့ ကအောက်တိုဘာလအထိဖြစ်သွားတာ။ ဆက်တိုက်နေ့တိုင်းလုပ်တာတော့မဟုတ်ဘူးပေါ့’’ လို့ကိုထက်က ပြောပါတယ်။

လုပ်အားခလစာတွေကို လိမ်လည်ထွက်ပြေးသွားတဲ့ ထိုင်းနိုင်ငံသားဆောက်လုပ်ရေးတာဝန်ခံဆီကို အလုပ်သမားတွေဘက်က အကြိမ်ပေါင်းများစွာ ဖုန်းဆက်တောင်းခံတာမျိုး ပြုလုပ်ခဲ့ပေမယ့် ဖုန်းဆက်တိုင်း ငွေမရှိတော့ဘူးလို့သာ ပြန်လည် တုံ့ပြန်ခဲ့တယ်လို့ အလုပ်သမားတွေက ဆိုကြပါတယ်။

မြန်မာလုပ်သားတွေရဲ့ လစာကို ကုမ္ပဏီဘက်ကနေ ကန်ထရိုက်တာဘက်ကို ပေးချေထားသလို  ကန်ထရိုက်တာကလည်း ဆောက်လုပ်ရေးတာဝန်ခံကို ပေးချေးထားပေမယ့် ဆောက်လုပ်ရေးတာဝန်ခံက ငွေမရှင်းပဲ လိမ်လည်သွားတဲ့ ဖြစ်စဉ်မျိုးဖြစ်တယ်လို့ အကူအညီပေးခဲ့တဲ့အဖွဲ့က ပြောပါတယ်။

“ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ အလုပ်သမားတရားရုံးကို တင်လိုက်ပြီး ထိုင်းဥပဒေအရ  ပေးကို ပေးရမယ်။ အလုပ်သမားတရားရုံးရောက်သွားရင် အလုပ်ရှင်က ပြန်ပေးရမှာ” လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကာ်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

အခု လိမ်လည်ခံလိုက်ရတဲ့ လုပ်ငန်းခွင်ထဲမှာ လွန်ခဲ့တဲ့ နှစ်လဝန်းကျင်ကလည်း မြန်မာရွှေ့ပြောင်း အလုပ်သားတချို့ ရဲ့ လစာတွေကို ဆောက်လုပ်ရေးတာဝန်ခံကငွေမရှင်းဘဲ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ပြီး အလုပ်သမားကာကွယ်ရေးနဲ့ လူမှုဖူလုံရေးရုံးကို သွားရောက်တိုင်ကြားခဲ့တဲ့အတွက် ငွေတချို့ ပြန်လည်ရရှိခဲ့တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

လက်ရှိ အဲဒီလုပ်သားတွေဟာ လုပ်ငန်းခွင်အနီးက အစိုးရပိုင် တန်းလျားမှာ ခွင့်တောင်းကာ နေထိုင်ရပြီး ရေ၊ မီးတွေ အစ ဖြတ်တောက်ခံထားရတယ်လို့ ဆိုပါတယ်။

” အခု လုပ်နေတဲ့နေရာကလည်း မပြီးသေးဘူး တဝက်တပြတ်နဲ့ အလုပ်ကလည်း မရှိတော့ စားဝမ်းနေရေးခက်ခဲတာ၊ မီးမရ၊ ရေမရှိ ကလေးတွေလည်း အခန်းသေးထဲမှာ မိသားစုတွေနဲ့ ဒုက္ခခံပြီးနေရတယ်” လို့ အလုပ်သမား ကိုရဲထက်ဦးက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ တရားဝင်စနစ် MOU လာရောက်ကြတဲ့ အလုပ်သမားအတွေအပါအဝင် ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၆ ဒဿမ ၈ သန်းရှိပြီး တာ့ခ်ခရိုင်တခုတည်း မြန်မာရွေ့ပြောင်းလုပ်သား ငါးသိန်းနီးပါးရှိတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး အကူအညီပေးနေတဲ့အဖွဲ့တွေထံကနေ သိရပါတယ်။

Photo-မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမူ့ကော်မတီ JACBA