ရေဦးနဲ့ ဒီပဲယင်းမှာ စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

ဇန်နဝါရီ၊ ၁၆
 
စစ်ကိုင်းတိုင်းက ရေဦးနဲ့ ဒီပဲယင်း မြို့နယ်တွေအတွင်း နှစ်ရက်ဆက် စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်တွေက နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေတွေတော့ မသိရသေးဘူးလို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
 
“ မနေ့မနက်အစောပိုင်းမှာ ရေဦးအထွက် မုတ်စီရွာနားမှာ တကြိမ်၊ ဒီမနက်တော့ ဒီပဲယင်းမဝင်ခင် ရွာသာရွာ အထွက်မှာ တကြိမ်မိုင်းဆွဲခဲ့တာ ရှိတယ်၊ ပစ်ခတ်မှုတော့ မရှိဘူး ” လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုထူးခန့်ဇော်က ပြောပါတယ်။
 
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်တာရှိပေမယ့် အရေအတွက် အတိအကျကို အတည်ပြုပေးနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
 
အခုကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရေဦးမြို့နယ်ကနေတဆင့် ဒီပဲယင်း မြို့နယ်ဘက်ကို ရိက္ခာပို့ဆောင်တဲ့ အဖွဲ့တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
 
ဒီပဲယင်းမြို့နယ် အခြေစိုက် ခမရ (၇၀၁)နဲ့ (၇၀၈) တို့က အင်အားတရာဝန်းကျင်ရှိတဲ့ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းဟာ မနေ့မနက်ပိုင်းက ဒီပဲယင်းမြို့နယ်နဲ့ ထိစပ်နေတဲ့ ရေဦးမြို့နယ် အနောက်ခြမ်းကျေးရွာတွေဘက်ကို စတင် စစ်ကြောင်းထိုးခဲ့တာပါ။
 
စစ်ကောင်စီတပ်တွေ အဲဒီလိုစစ်ကြောင်းထိုးနေတာကြောင့် ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်အစပ်ကြားမှာရှိတဲ့ အောင်သာယာ၊ ပျော်ဘွယ်၊ ပြည်တော်၊ မုတ်စီ၊ ရွာရှည်၊ အောင်ချမ်းသာ၊ မူးကတွင်း၊ မစိုးရိမ်၊ ပင်စီ၊ ရွာမိသာ အစရှိတဲ့ ကျေးရွာဆယ်ရွာထက်မနည်းက ဒေသခံပြည်သူ ငါးထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတာ ဖြစ်တယ်လို့ ဒီပဲယင်းညီနောင်များအဖွဲ့ တာဝန်ရှိသူတဦးကလည်း ပြောပါတယ်။
 
“ မနေ့က ရေဦးဘက်က စစ်ကြောင်းပဲ မနက်က ရွာဘက်ကို ရောက်လာတာ၊ သေနတ်တွေ ပစ်ပြီး ဝင်လာတော့ ရွာသားတွေ အကုန်ပြေးကြတာ ” လို့ ဒီပဲယင်းမြို့နယ် ရွာရှည်ရွာ ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
အဲဒီစစ်ကြောင်းဟာမနေ့ညက ရေဦးမြို့နယ် အောင်သာရွာမှာ ညအိပ်ခဲ့ပြီးနောက် ဒီကနေ့ မနက်ပိုင်းမှာတော့ ဒီပဲယင်းမြို့နယ်ထဲကို ပြန်လည်ဝင်ရောက်လာပြီး ရွာရှည်ရွာထဲကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်စစ်ကြောင်းထိုးခဲ့တာလို့ သိရပါတယ်။
 
“ အခုတလော စစ်ကြောင်းက ခဏခဏထိုးတာ၊ အခုပြေးနေရတဲ့ ရွာတွေက ရွာချင်းဆက်အနီးတဝိုက်တွေပဲ၊ သူတို့ဆို ခဏခဏပြေးနေရတာ၊ ပြေးလိုက်ပြန်လာလိုက်ပါပဲ ” လို့ သူက ပြောပါတယ်။
 
ဒီကနေ့ နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီ စစ်ကြောင်းဟာ ရွာရှည်ရွာ ဘက်ကတဆင့် ဒီပဲယင်းမြို့ပေါ်ဘက်က ဝင်ရောက်သွားလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာခံတချို့ နေရပ်ကို ပြန်လာနေကြပြီလို့ သိရပါတယ်။
 
ရေဦးနဲ့ ဒီပဲယင်းမြို့နယ်တို့အပြင် စစ်ကိုင်းတိုင်းက မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ တွေ မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ကျေးရွာတွေကို မီးရှို့တာ၊ ဖမ်းဆီးသတ်ဖြတ်တာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံတွေ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
 
စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်ကုန်ပိုင်းအထိ နိုင်ငံတဝှမ်းမှာ စစ်ဘေးဒုက္ခသည် ၂.၆ သန်းကျော်ထွက် ပြေးတိမ်းရှောင်နေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က အခုနှစ် ဇန်နဝါရီ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – ရေဦးမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး
ပုံစာ – စစ်ကောင်စီစစ်ကြောင်းထိုးလာလို့ ထွက်ပြေးနေတဲ့ ရေဦးဒေသခံများ (ပုံဟောင်း)