ဘီးလင်းအခြေစိုက် စစ်ကောင်စီဆက်သွယ်ရေးတပ်သားတဦး KNU ဆီလက်နက်ချ

ဇန်နဝါရီ၊ ၁၅

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာအခြေစိုက်တပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး လက်နက် ခဲယမ်းနဲ့အတူ KNU တပ်မဟာ ၁ ဆီ ဇန်နဝါရီ ၁၁ရက်က  လက်နက်ချခဲ့တယ်လို့ သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်းက DNAကို ပြောပါတယ်။

“သူထွက်ရခက်နေလို့တာ အချိန်တွေကြာနေတာ၊ ဆက်သွယ်ထားတာ ကြာပြီ” လို့ သူက ပြောပါတယ်။

လက်နက်ချပူးပေါင်းလာသူဟာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ(၈)လက်အောက်ခံ ခြေမြန်တပ်ရင်း – ခမရ ၄၁၀ ဆက်သွယ်ရေးတပ်က တပ်သား စိုးနိုင်ဝင်းဖြစ်ပြီး သူဟာ ၂၀၂၂ ခုနှစ် ဩဂုတ်လကစလို့ ဘီးလင်း မြို့နယ် ဝင်းတာပန်ခြေစိုက်တပ်စခန်းမှာတာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံအာဏာကို အတင်းအဓမ္မ သိမ်းယူခဲ့တဲ့ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ်မ ရှိတဲ့ အတွက် လက်နက်ချခဲ့တာဖြစ်ကြောင်း အဲ့ဒီစစ်ကောင်စီတပ်သားက အသိပေးထားတယ်လို့ သိရပါတယ်။

တပ်သားစိုးနိုင်ဝင်းဟာ MA သေနတ်တလက်၊ ကျည်အိမ်လေးခု၊ ကျည်တောင့် သုံးရာနဲ့ဆက်စပ်ပစ္စည်းတွေ ယူဆောင်လာပြီးလက်ရှိမှာတော်လှန်ရေးအင်အားစုတွေနဲ့အတူ လွတ်မြောက်နယ်မြေမှာ ရှိနေတယ်လို့ ဆိုပါ တယ်။

လက်နက်ခဲယမ်းနဲ့အတူ လက်နက်ချအလင်းဝင်လာတဲ့ တပ်သားစိုးနိုင်ဝင်းကို KNUဘက်က ငွေကြေးတချို့ ထောက်ပံ့ပေးထားသလို အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ချီးမြှင့်ငွေရဖို့လည်း ချိတ်ဆက်ပေးထားတယ်လို့ သိရပါတယ်။

လက်နက်ချလာတဲ့ စစ်ကောင်စီတပ်သားစိုးနိုင်ဝင်းဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ဖို့အတွက်လည်း စဉ်းစားနေတယ်လို့ဆိုပါတယ်။

“သူစဉ်းစားနေတုန်းလို့ ပြောပါတယ်၊ အခြေအနေကို ကြည့်ပြီး တိုက်ရမယ်ဆို တိုက်မယ်လို့ ပြောတယ်” လို့ သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်းက ပြောပါတယ်။

တပ်သား စိုးနိုင်ဝင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝင်းတာပန်စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ခြောက်ဆယ် ကျော် လောက်တပ်စွဲထားပြီး အဲဒီစခန်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်ကစလို့ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ KNDO နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်နေပါတယ်။

နှစ်ဖက်တိုက်ပွဲဟာ ဒီကနေ့အထိ စစ်ရေးတင်းမာနေဆဲဖြစ်သလို အဲဒီစခန်းကို ဝိုင်းဝန်ပိတ်ဆို့ပြီး ရိက္ခာဖြတ် တောက်ထားတယ်လို့ တော်လှန်ရေးအင်အားစုတွေက DNA ကို ပြောဆိုထားပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ခွဲကျော်ကာလအတွင်းမှာ ပြည်သူဘက်ပူးပေါင်းလာတဲ့ စစ်ကောင်စီ လက် အောက်ခံ စစ်သား နဲ့ ရဲ ၁၄,၀၀၀ ကျော်ရှိပြီး အဲဒီထဲက ဒုဗိုလ်မှူးကြီးအဆင့်အရာရှိတွေအပါအဝင် စစ်သား ၃၂၃၅ ဦးပါဝင်သလို ရဲတပ်ဖွဲ့ဝင် ၁၀,၃၅၆ ဦးပါဝင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေး ဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

NUG က အဲ့ဒီအချက်အလက်တွေထုတ်ပြန်ပြီးနောက် နိုင်ငံတဝန်းမှာ လက်နက်နဲ့အတူ ဒါမှမဟုတ် လက်နက်မဲ့နဲ့ တော်လှန်ရေးအင်အားစုတွေဆီ ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ရဲတပ်ဖွဲ့ဝင်နဲ့ ပျူစောထီးတွေရာချီရှိနိုင်ပြီး ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှလည်း ရှမ်းမြောက်နဲ့ရခိုင်မှာ တော်လှန်ရေးတပ်တွေဆီ လက်နက်ချခဲ့သူ ထောင်ဂဏန်းအထိရှိတယ်လို့ ညီနောင်မဟာမိတ်တပ်တွေရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။