အာဏာရှင်စနစ်နဲ့ ယှဉ်လာတိုင်း ဒီမိုကရေစီကို ထိုင်ဝမ်က အမြဲရွေးမယ်လို့ ရွေးကောက်ပွဲ အနိုင်ရ ခေါင်းဆောင်ပြော

ဇန်နဝါရီ၊ ၁၅

ဒီမိုကရေစီနဲ့ အာဏာရှင်စနစ် ယှဉ်လာရင် ထိုင်ဝမ်ဟာ အမြဲတမ်း ဒီမိုကရေစီကိုပဲ ရွေးချယ်မယ်လို့ ရွေးကောက်ပွဲ အနိုင်ရ သမ္မတလောင်းက ပြောကြားခဲ့ပါတယ်။

လက်ရှိ ထိုင်ဝမ် အစိုးရရဲ့ ဒုတိယ သမ္မတအဖြစ် တာဝန်ယူထားသူ ဝီလျံလိုင်ဟာ ဇန်နဝါရီ ၁၃ ရက် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့နောက် သမ္မတ ဆိုင်အင်ဝမ်ရဲ့ အရိုက်အရာကို ဆက်ခံခွင့် ရတော့မှာပါ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ၄ နှစ်သက်တမ်း ၂ ကြိမ်ဆက် တာဝန်ယူခဲ့ဖူးသူ ဆိုင်ဟာ နောက်တကြိမ် ရွေးကောက်ပွဲ ဝင်ခွင့် မရတော့တာကြောင့် အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေး ပါတီ (DPP)က လိုင်ကို သမ္မတလောင်းအဖြစ် အဆိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။

DPPဟာ ထိုင်ဝမ်ကို တရုတ်ဆီက ခွဲထွက်ပြီး သီးခြားရပ်တည်လိုတဲ့ သဘောထားမျိုး ဆုပ်ကိုင်ထားတယ်လို့ ယူဆတာကြောင့် ဆိုင်ရဲ့ အစိုးရ ဦးဆောင်တဲ့ ကာလတလျှောက် တရုတ်က ခါးသီးတဲ့ သဘောထားမျိုးတွေ ပြသခဲ့ပါတယ်။ လိုင်ကတော့ ဆိုင်ထက်တောင် ခွဲထွက်ရေးစိတ်ဓာတ် ပြင်းထန်သူလို့ တရုတ်ဖက်က သတ်မှတ်ထားတာကြောင့် သူ့လက်ထက်မှာ တရုတ်-ထိုင်ဝမ် ဆက်ဆံရေးဟာ ပိုပြီး အေးခဲလာမယ့် သဘော ရှိပါတယ်။

ရွေးကောက်ပွဲ အောင်ပွဲရ မိန့်ခွန်းမှာတော့ လိုင်က ထိုင်ဝမ်ရဲ့ ဒီမိုကရေစီအတွက် နောက်ထပ် ကဏ္ဍသစ်တခု ရေးထိုးနိုင်ခဲ့တဲ့အတွက် ပြည်သူတွေကို ကျေးဇူးတင်ကြောင်း၊ ထိုင်ဝမ်ဟာ ဒီမိုကရေစီနဲ့ အာဏာရှင် စနစ်ကြားမှာ ဒီမိုကရေစီကိုသာ အမြဲရွေးချယ်မယ် ဆိုတာကို နိုင်ငံတကာ အသိုက်အဝန်း ရှေ့မှောက်မှာ ခိုင်ခိုင်မာမာ ပြသသွားနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

သူက တရုတ်နဲ့ ပတ်သက်လို့ ကောင်းမွန်ပြီး ဟန်ချက်ညီတဲ့ ဆွေးနွေးမှုမျိုး ပြန်လည် တည်ဆောက်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပြီး နှစ်ဖက်ကြားမှာ ဂုဏ်သိက္ခာ ပြည့်ဝတဲ့၊ တဖက်သတ် မဆန်တဲ့ ဆွေးနွေးမှုတွေ ဖော်ဆောင်နိုင်ရေး ဆန္ဒရှိပါတယ်လို့လည်း ထပ်လောင်း အတည်ပြုသွားပါတယ်။ 

ထိုင်ဝမ်ကို ပိုင်နက်နယ်မြေ တခုအဖြစ် သတ်မှတ်ထားပြီး ခွဲထွက်ဖို့ ကြိုးစားတဲ့ အားထုတ်မှုတိုင်းကို တရုတ်ကတော့ ရွေးကောက်ပွဲမှာ လိုင်အနိုင်ရခဲ့တဲ့အပေါ် မနှစ်မြို့ကြောင်း အတိအလင်း ပြသခဲ့ပါတယ်။ တရုတ်အစိုးရရဲ့ ထိုင်ဝမ်ရေးရာ ဌာန ပြောရေးဆိုခွင့်ရ အရာရှိ ချန်ဘင်ဟွာက ထိုင်ဝမ် ရွေးကောက်ပွဲ ရလဒ် ဘယ်လိုပဲ ထွက်ပေါ်သည်ဖြစ်စေ တရုတ်နဲ့ ထိုင်ဝမ် ပြန်လည် ပေါင်းစည်းရေးဟာ ဘယ်တော့မှ ရှောင်လွှဲလို့ မရနိုင်တဲ့ ကိစ္စတခုလို့ သတိပေး ပြောကြားသွားပါတယ်။

 

Ref: AP