ပလက်ဝမြို့နယ်တွင်းက ဗျူဟာစခန်းနှစ်ခုကို AA ထပ်မံသိမ်းပိုက်

ဇန်နဝါရီ၊ ၁၄
 
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ရှိ စစ်ကောင်စီရဲ့ မီးဝဗျူဟာကုန်း နဲ့ ခန်ခတောင်ဗျူဟာစခန်း တို့ကို ထပ်မံသိမ်းပိုက်ရရှိတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီလ ၁၃ ရက်မနေ့ညက ထုတ်ပြန်ပါတယ်။
 
ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အစပ်မှာရှိတဲ့ မီးဝဗျူဟာကုန်းကို မနေ့က ညနေပိုင်းမှာ သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ သီးခြားထုတ်ပြန်မယ်လို့ ဆိုပါတယ်။
 
” စကစက မီးဝကို မနေ့က လေယာဉ်နဲ့ လာတိုက်သေးတယ်။ အရှင်ဖမ်းမိတာရော၊ လက်နက်တွေရော အများကြီးရတယ်ကြားတယ် ” လို့ ပလက်ဝဒေသခံ သတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။
 
AA ဟာ မီးဝဗျူဟာကုန်းကို ပြီးခဲ့တဲ့ ၂၀၁၉ တိုက်ပွဲကာလတုန်းကလည်း ရက်ရှည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မြန်မာစစ်တပ်ဘက်က ဓါတုလက်နက်တွေ၊ တိုက်လေယာဉ်တွေသုံးပြီး ခုခံခဲ့တဲ့အတွက် အပြည့်အဝသိမ်းပိုက်နိုင်ခြင်း မရှိခဲ့ပါဘူး။
 
ကုလားတန်မြစ်ကြောင်းပေါ် တည်ရှိတဲ့ မီးဝဗျုဟာကုန်းကို သိမ်းပိုက်ရပြီးတဲ့နောက် ကျောက်တော်ကနေ ပလက်ဝအ‌ထက်ပိုင်း အိန္ဒိယနယ်စပ်အထိ ကုလားတန် မြစ်ကြောင်းတလျှောက်မှာ စစ်ကောင်စီစခန်းတွေ တခုမှမရှိတော့ဘူးလို့ စစ်ရေးနီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
 
ထို့အတူပဲ ခန့်ခတောင်စခန်းကနေလည်း စစ်လက်နက်ပစ္စည်းတွေ အမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA)၊ ကိုးကန့် (MNDAA)၊ တအာင်း (TNLA) တို့ပါဝင်တဲ့ ညီနောင်သုံးဖွဲ့က ဆိုပါတယ်။
 
AA ဟာ ရခိုင်ဒေသတိုက်ပွဲတွေ စတဲ့ ၂၀၂၃ နိုဝင်ဘာလလယ်ကတည်းက ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်နေခဲ့တာပါ။
 
လက်ရှိ‌မှာတော့ AA ဟာ အခု သိမ်းပိုက်ရရှိတဲ့ ဗျူဟာနှစ်ခုအပါအဝင် ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံစခန်း ၂၄ ခုထက်မနည်းကို ရရှိထားပြီးဖြစ်ပါတယ်။
 
ပလက်ဝမြို့‌စောင့်တပ်ရင်းနဲ့ မြို့အနီးပတ်လည်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကိုလည်း AA က ထိုးစစ်ဆင်နေပြီး စစ်ကောင်စီဘက်က လေကြောင်းသုံး ခုခံနေတယ်လို့ ဆိုကြပါတယ်။
 
ဓာတ်ပုံ – ညီနောင်မဟာမိတ်သုံးဖွဲ့