တနေ့တာ ထူးခြားသတင်းများ

ဇန်နဝါရီ ၊ ၁၃ 

#ဟိုပန်နဲ့ပန်လုံကိုလွှဲပေးဖို့စစ်ကောင်စီသဘောတူခဲ့တာလို့ဝအဖွဲ့ပြော

#အပစ်ရပ်သဘောတူညီမှုကိုစစ်တပ်ချိုးဖောက်တယ်လို့TNLAပြော

#ထိုင်းမြန်မာနယ်စပ်အရေးစစ်ခေါင်းဆောင်နဲ့ထိုင်းကာချုပ်ဆွေးနွေး

#ရခိုင်မှာစစ်ကောင်စီလက်ချက်နဲ့နှစ်ရက်အတွင်းအရပ်သားကိုးဦးသေဆုံး

#စစ်ကောင်စီစစ်ကြောင်းထိုးနေလို့ကန့်ဘလူဒေသခံသောင်းချီထွက်ပြေးနေရ

#စစ်အုပ်စုထောက်ခံသူတွေကဘာသာရေးဝါဒဖြန့်သွေးထိုးမှုဆက်လုပ်နေ

#ပလက်ဝမြို့ပေါ်တိုက်ပွဲတွေကြောင့်မြို့ခံတဝက်လောက်စစ်ရှောင်နေရ

ဒီကနေ့ ဇန်နဝါရီ (၁၃)ရက်မှာ ရရှိတဲ့ တနေ့တာ သတင်းဖြစ်ရပ်တွေထဲကထူးခြားတဲ့သတင်းတချို့ကို DNA ကစုစည်းဖော်ပြပေးလိုက်ပါတယ်။

၁။ ဟိုပန်နဲ့ ပန်လုံကို လွှဲပေးဖို့စစ်ကောင်စီသဘောတူခဲ့တာလို့ “ဝ”အဖွဲ့ပြော

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက စစ်ကောင်စီထိန်းချုပ်ရာ မြို့နှစ်မြို့ဖြစ်တဲ့ ဟိုပန်နဲ့ ပန်လုံဒေသတွေကို လွှဲ ပေးဖို့ စစ်ကောင်စီကသဘောတူခဲ့တာလို့ “ဝ”အဖွဲ့ရဲ့ သတင်းထုတ်ပြန်ရေး စာမျက်နှာ WSTV က အခုညပိုင်းမှာ ဖော်ပြပါတယ်။

အဲ့ဒီမြို့နှစ်မြို့ လွှဲပြောင်းလက်ခံတဲ့အခမ်းအနားကို “ဝ”အစိုးရအဖွဲ့ရဲ့ မိုင်းမောခရိုင်အတွင်းရေးမှူး ဗဟိုကော်မတီ အရံကော်မတီဝင်ဦးရှောက်ဆိုင်ပေါင်းနဲ့ “ဝ”ပြည်နယ် နိုင်ငံရေးအတိုင်ပင်ခံဌာန ဥက္ကဌ ဦးကျောက်အိုက်တောင်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့တယ်လို့သိရပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ လောက်ကိုင်ဒေသတခုလုံးကို ရရှိပြီးနောက် ဇန်နဝါရီ ၅ရက်မှာ ဟိုပန်မြို့ကိုထိုးစစ် ဆင်ခဲ့ပြီး “ဝ”အဖွဲ့ဆီလွှဲပြောင်းပေးခဲ့ပါတယ်။

မြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့ မဟာမိတ်တပ်တွေက ထိုးစစ်ဆင်လာချိန် UWSA “ဝ”တပ်ဖွဲ့ ဝင်တွေက မြို့အတွင်းဝင် ရောက်ကာ ထိန်းသိမ်းညှိနှိုင်းမှုတွေလုပ်ပြီးနောက် စစ်ကောင်စီခန့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဥက္ကဌ ဦးညီနပ် က ဒေသအုပ်ချုပ်ရေးကိစ္စတွေကို “ဝ”အဖွဲ့ဆီလွှဲပေးခဲ့တာဖြစ်ပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီကတော့ နှစ်ဖက်ဘယ်လိုသဘောတူညီမှုတွေရှိတယ်ဆိုတာ လက်ရှိ အချိန်အထိ တစုံတရာ ထုတ်ဖော်ပြောဆိုတာမရှိဘဲ နှုတ်ဆိတ်နေဆဲဖြစ်ပါတယ်။

၂။ အပစ်ရပ်သဘောတူညီမှုကို စစ်တပ် ချိုးဖောက်တယ်လို့ TNLA ပြော

ညီနောင်သုံးဖွဲ့နဲ့စစ်ကောင်စီတို့ကြားအပစ်ရပ်ဖို့သဘောတူထားပေမယ့် ဒီကနေ့မနက်ပိုင်းက ကျောက်မဲမြို့အနီး မှာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီက အပစ်ရပ်သဘောတူမှုကိုချိုးဖောက်နေတယ်လို့ တအာင်းတပ် TNLA ကဝေဖန်ပါတယ်။

စစ်ကောင်စီတပ်က ဒီကနေ့ မနက်ပိုင်းမှာ TNLA တပ်ဖွဲ့တပ်စွဲထားတဲ့ ကျောက်မဲမြို့အနီးက ငြိမ်းချမ်းရေးကုန်းကို  အပစ်ရပ်သဘောတူညီမှုတွေ ချိုးဖောက်ပြီး စတင်ထိုးစစ်ဆင်လာတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က စတင်တိုက်ခိုက်လာတာကြောင့် နှစ်နာရီနီးပါးကြား နှစ်ဖက် တိုက်ပွဲဖြစ်ခဲ့ပြီး‌နောက် TNLA တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာပေးလိုက်တယ်လို့လည်းဖော်ပြထားပါတယ်။

ဒီနေ့မနက် တိုက်ပွဲဖြစ်ခဲ့တဲ့ ငြိမ်းချမ်းရေးကုန်းအနီးတဝိုက်မှာ အပစ်မရပ်ခင်ကတည်းက တအာင်းတပ်ဖွဲ့၀င်တွေ သွားလာလှုပ်ရှားနေတာရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။

စစ်ကောင်စီနဲ့ညီနောင်မဟာမိတ်တပ်တွေဟာ ဇန်နဝါရီ ၁၁ရက် ညကိုးနာရီကစပြီး နှစ်ဖက်ထိတွေ့မှုတွေမဖြစ်ဖို့ နဲ့ အပစ်ရပ်ဖို့သဘောတူခဲ့ကြတာဖြစ်ပေမယ့် မနေ့ကအထိ ရှမ်းမြောက်ရှိ နမ့်ဆန်၊ နမ္မတူ၊ ကျောက်မဲ၊ သီပေါ၊ လား ရှိုးနဲ့ မန္တလေးတိုင်း မိုးမိတ်မြို့နယ် တို့မှာစစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေဆက် လုပ်ခဲ့ တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ကထုတ်ပြန်ထားပါတယ်။

နှစ်ဖက်အပစ်ရပ်သဘောတူညီချက်တွေအရ ရှမ်းမြောက်ဒေသက ညီနောင်မဟာမိတ်အဖွဲ့တွေ ထိန်းချူပ်ထားတဲ့ မြို့နယ်တွေကို စစ်ကောင်စီတပ်တွေက လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တာတွေမလုပ်ဖို့ စစ်ကောင်စီ တပ် တွေရဲ့ စစ်စခန်းတွေ ဗျူဟာကုန်းတွေကိုလည်း ညီနောင်အဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်တာတွေ မလုပ်ဖို့သ ဘောတူထားကြတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က မနေ့ကထုတ်ပြန်ထားပါတယ်။

၃။ထိုင်းမြန်မာနယ်စပ်အရေးစစ်ခေါင်းဆောင်နဲ့ထိုင်းကာချုပ်ဆွေးနွေး

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ဟာ နှစ်နိုင်ငံ နယ် စပ် ဒေသအရေးမနေ့က အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ််ပြန်ပါ တယ်။

အဲ့ဒီတွေ့ဆုံမှုအတွင်း နယ်စပ်ဒေသ ကုန်သွယ်မှုတွေအဆင်ပြေစေဖို့အတွက် နိုင်ငံရေး၊လုံခြုံရေးအရ ပူးပေါင်း ဆောင်ရွက်ဖို့၊စစ်တပ်နှစ်ခုကြား ပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တရုတ်၊အိန္ဒိယနဲ့ ထိုင်းနိုင်ငံ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေပိတ်ဆို့ ခံရ တဲ့အခြေအနေနဲ့ရင်ဆိုင်ခဲ့ရတဲ့ စစ်ကောင်စီဟာ တရုတ်နယ်စပ်မှာ အပစ်ရပ်ဖို့သဘောတူညီခဲ့ပြီးနောက် ထိုင်းနိုင်ငံ နဲ့အခုလိုဆွေးနွေးမှုတွေလုပ်လာတာပါ။

ထိုင်းမြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို စစ်ကောင်စီက အခုအချိန်အထိ ဆက်လက်ထိန်းချုပ်ထားပေမယ့် ကော့ကရိတ်မြို့နယ်အတွင်း  စစ်ရေးတင်းမာပြီး လမ်းကြောင်းတွေပိတ်ဆို့ခံထားရတာကြောင့် ထိုင်း-မြန်မာ ကုန်သွယ်ရေးဟာလည်း ပုံမှန်မဟုတ်တဲ့အခြေအနေမှာရှိနေပါတယ်။

နှစ်နိုင်ငံစစ်ခေါင်းဆောင်တွေမနေ့က ဆွေးနွေးကြရာမှာ နယ်စပ်ဒေသ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ အ ကြမ်းဖက်မှုတိုက်ဖျက်ရေးတို့အပြင် မြဝတီမြို့အနီးနယ်စပ်ဒေသမှာ အခြေပြုတဲ့ အွန်လိုင်းလောင်းကစားမှုနဲ့ ငွေကြေးလိမ်လည်မှုတွေကို ပူးပေါင်းတိုက်ဖျက်ဖို့ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။

၄။ ရခိုင်မှာစစ်ကောင်စီလက်ချက်နဲ့နှစ်ရက်အတွင်း အရပ်သားကိုးဦးသေဆုံး

ရခိုင့်တပ်တော်AA နဲ့စစ်ကောင်စီတို့ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ် တွေလက်ချက်နဲ့ နှစ်ရက်အတွင်း အရပ်သား ကိုးဦးသေဆုံးခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က အသိပေးထားပါ တယ်။

နှစ်ဖက်တိုက်ပွဲ ဒါမှမဟုတ် စစ်ရေးတင်းမာမှုတွေရှိနေတဲ့ မောင်တော၊မင်းပြားနဲ့အမ်းမြို့နယ်တို့မှာ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဇန်နဝါရီ ၁၁ရက်နဲ့ ၁၂ရက် နှစ်အတွင်း အရပ်သားကိုးဦးသေဆုံးခဲ့တာလို့ ဆိုပါ တယ်။

အဲ့ဒီလိုသေဆုံးခဲ့ရတဲ့ အရပ်သားတွေထဲကမင်းပြားမြို့ လေးဦးဟာ ဇန်နဝါရီ ၁၂ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မင်းပြားမြို့ မင်းဘာကြီးရပ်ကွက်အတွင်းဝင်ရောက်လာချိန် ပုန်းအောင်းနေပေမယ့် လေးဦးလုံးပစ်သတ်ခံခဲ့ရတာ လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသခံတွေကလည်း DNAကိုအတည်ပြုပြောဆိုထားပါတယ်။ စစ်ကောင်စီတပ်က ပစ်ခတ်၊ သတ်ဖြတ်လို့ သေဆုံးခဲ့ရသူတွေဟာ မင်းဘာကြီးရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်မနန်းဘုံ၊ ဒေါ်မဲယဉ်၊ ဦးသိန်း ချေမောင်နဲ့ ဦးခေါင်းလှတို့ဖြစ်တယ်လို့ ဒေသခံတဦးကပြောပါတယ်။

နောက်ထပ်သေဆုံးသူတွေကတော့ စစ်ကောင်စီရဲ့ စစ်ရေယာဉ်တွေနဲ့ အခြေစိုက်စခန်းတွေကနေ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေလူနေရပ်ရွာထဲ ကျရောက်ပေါက်ကွဲလို့သေဆုံးခဲ့တာလို့သိရပါတယ်။သေဆုံးသူတွေထဲမှာ အသက် ၆၅နှစ်အရွယ် သက်ကြီးအမျိုးသားတဦးလည်းပါဝင်ပါတယ်။

ဒါ့အပြင် လက်နက်ကြီးးကျရောက်ပေါက်ကွဲမှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူတွေနဲ့ နေအိမ်အဆောက်အအုံ ပျက်စီးမှုတွေလည်းရှိခဲ့သေးတယ်လို့သိရပါတယ်။

၅။ စစ်ကောင်စီစစ်ကြောင်းထိုးနေလို့ ကန့်ဘလူဒေသခံသောင်းချီထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ကျေးရွာ ခုနစ်ရွာထက်မနည်းကို အခုရက်ပိုင်းအတွင်း စစ်ကောင်စီပူး ပေါင်း တပ်ဖွဲ့တွေက အကြောင်းပြချက်မရှိဘဲ နေအိမ်မီးရှို့နေတာကြောင့် အရပ်သား တသောင်းခွဲနီးပါး ဘေးလွ တ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာဇန်နဝါရီလ ၉ ရက်မှာကန့်ဘလူမြို့နယ်၊ ရှားတော၊ တောဒိုက်နဲ့ သဗြစ်ဇွန်းကျေးရွာတွေနဲ့ ၁၁ ရက်မှာ ကိုးမြို့၊ တောင့်တည်းကုန်းနဲ့ သရက်ခေါင်းကျေးရွာကိုမီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

ရှားတော၊ တောဒိုက်နဲ့ သဗြစ်ဇွန်းကျေးရွာတွေဟာ မကြာသေးခင်းက ကန့်ဘလူမြို့၊ အင်းလယ်ကြီးရွာက ဒေသခံ တချို့စစ်ရှောင်နေရတဲ့ ကျေးရွာတွေလည်းဖြစ်ပါတယ်။

ဒါ့အပြင် မင်းကုန်း(က)ရွာနဲ့ ညောင်ဇင်ကြီးကျေးရွာကိုလည်း ဇန်နဝါရီလ ၁၂ ရက်၊မနေ့ကနေ့လယ်ပိုင်းက စစ် ကောင်စီပူးပေါင်းအဖွဲ့တွေက လက်နက်ကြီး၊လက်နက်ငယ်တွေ ရမ်းသမ်းပစ်ခတ်ကာ ကျေးရွာထဲကို ဝင်ရောက် လာကာ နေအိမ်တွေကို မီးရှို့ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခု မီးရှို့ခံထားရတဲ့ နေအိမ်အရေအတွက် ရာချီရှိနိုင်ပေမယ့် တချို့ကျေးရွာတွေအနီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေ က တပ်စွဲထားတာရှိနေတဲ့အတွက် အရေအတွက် အတိအကျအတည်ပြုနိုင်ဖို့ အခက်အခဲရှိနေသေးတယ် လို့ဒေသ ခံတွေက ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ချင်မြစ်ကျင်းရွာတွေထဲမှာ ဝင်ရောက်တပ်စွဲထားပြီး အနီးအနားပတ်ဝန်းကျင် ကျေးရွာတွေဘက်ကို လက်နက်ကြီး၊လက်နက်ငယ်တွေ ရမ်းသမ်း ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ နေရပ်မပြန် ရဲကြသေးဘူးလို့ ဆိုပါတယ်။

၆။ စစ်အုပ်စုထောက်ခံသူတွေက ဘာသာရေးဝါဒဖြန့်သွေးထိုးမှုဆက်လုပ်နေ

ရှမ်းမြောက်ဒေသအများစုကို စစ်ရှုံးပြီးလက်လွှတ်ခဲ့ရသလို ကျန်တဲ့ ဒေသတွေမှာလည်း စစ်ရေးအရ အကျပ် ဆိုက် နေတဲ့စစ်ကောင်စီဟာ ဘာသာရေးဝါဒဖြန့်မှုတွေလုပ်လာပြီး ပဋိပက္ခဖြစ်လာအောင်ကြံစည်နေတယ်လို့ ရွှေဝါ ရောင်သံဃာတော်တချို့အပါအဝင် တော်လှန်ရေးအင်အားစုတွေကဝေဖန်ကြပါတယ်။

စစ်အုပ်ဟာ သမိုင်းတလျှောက်အကျပ်အတည်းတွေ့ရချိန်တိုင်းမှာ အခုလိုပဲ ဘာသာရေးပဋိပက္ခတွေဖြစ်လာ အောင် လှုံ့ဆော်ဝါဒဖြန့်မှုတွေလုပ်လေ့ရှိသလိုလက်ရှိမှာလည်း သူတို့အကျပ်တွေ့နေတာကြောင့် အလားတူ လုပ်ရပ်တွေလုပ်နေတာလို့ ရွှေဝါရောင်ဆရာတော် အရှင်ထာဝရက မိန့်ပါတယ်။

လောက်ကိုင်မြို့အနီး ပွင့် ၂၂၀၂ တောင်ကုန်းပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစုတွေ ၂၀၁၅ ခုနှစ်က တည်ထားခဲ့တဲ့ စေတီကို MNDAA တပ်ဖွဲ့ဝင်တဦးက တူနဲ့ထုရိုက်ဖျက်ဆီးနေတဲ့ ရုပ်သံဖိုင် လူမှုကွန်ပေါ်မှာ ပျံ့နှံ့ခဲ့ ပြီးနောက် စစ်အုပ်စုက ဆန္ဒပြမှုနဲ့ ဘာသာရေးအရဝါဒဖြန့်မှုတွေဆက်တိုက်လုပ်လာတာပါ။

လက်ရှိစစ်အုပ်စုရဲ့ဆန္ဒပြပွဲတွေမှာပါဝင်သူတွေက ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ဗုဒ္ဓသာသနာကို အကြမ်းဖက်ဖျက် ဆီးနေတယ် လို့ စွပ်စွဲကြွေးကြော်ကြပြီး ရန်ကုန်၊မန္တလေးစတဲ့ မြို့ကြီးတွေအပါအဝင် နိုင်ငံတဝှမ်းမှာ အလားတူ ဆန္ဒပြပွဲတွေကို ဆက်တိုက်လုပ်နေကြပါတယ်။

အခုလို စစ်အုပ်စုထောက်ခံသူတွေက ဆန္ဒပြပွဲတွေလုပ်နေကြပေမယ့်စစ်ကောင်စီတပ်တွေကိုယ်တိုင် စစ် ကြောင်း ထိုးတိုက်ခိုက်မှုတွေ လုပ်ရာမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းနဲ့ စေတီတွေပါမချန် မီးရှို့တာ ၊လေ ကြောင်းက တိုက်ခိုက်တာတွေ လုပ်နေတာလို့ စစ်ကိုင်းတိုင်းအတွင်း အခြေစိုက်တဲ့ ဒီပဲယင်းညီနောင် များအဖွဲ့ တာဝန်ခံ ကို ကြီးကျော်က DNAကိုပြောပါတယ်။

ဒီပဲယင်းမြို့နယ် မုရိုးကုန်းရွာကို စစ်ကောင်စီက ၂၀၂၂ခုနှစ် ဒီဇင်ဘာလအတွင်း စစ်ကြောင်းထိုးမီးရှို့ရာမှာ ဒေသ ခံတွေစုပေါင်းတည်ဆောက်လှူဒါန်းထားတဲ့ဘုန်းတော်ကြီးကျောင်းကိုပါမီးရှို့ခဲ့တာကြောင့် ရှေးဟောင်း ဆင်းတု တော်တွေပါ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သူကထောက်ပြပါတယ်။

 ၇။ ပလက်ဝမြို့ပေါ်တိုက်ပွဲတွေကြောင့် မြို့ခံတဝက်လောက်စစ်ရှောင်နေရ

မြို့တွင်း တိုက်ပွဲတွေဖြစ်နေတဲ့ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်မှာ လူဦးရေ လေးသောင်းကျော် နေရပ်စွန့်ခွာ တိမ်း ရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ အဝတ်အထည်၊ ငွေကြေးအထောက်အပံ့တွေ အရေးတကြီး လိုအပ်နေတယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ စစ်ရှောင်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့အစပ်မှာရှိတဲ့ ပလက်ဝမြို့ရဲ့ မြို့စောင့်တပ်အပါအဝင် ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ် စခန်းတွေကို ရက္ခိုင့်တပ်တော်(AA)က ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကနေစလို့ ထိုးစစ်ဆင်နေခဲ့ပြီးအခုနှစ်ဆန်းပိုင်းမှာတော့ ပိုမို ပြင်းထန်လာခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် ပလက်ဝမြို့ပေါ်နဲ့ မြို့အနီးတဝိုက်ကျေးရွာတွေ၊ ပလက်ဝမြို့ရဲ့ အရှေ့ဘက် ပလက်ဝမြို့ နယ် ဆမီးမြို့ပေါ်နဲ့ အဲဒီအနီးတဝိုက်ဒေသခံတွေဟာ ဘေးလွှတ်ရာတိမ်းရှောင်နေကြရပြီး ကုလားတန်မြစ်အ ထက်ပိုင်းနဲ့ အိန္ဒိယနယ်စပ်ဒေသတွေမှာ ခိုလှိုနေကြတယ်လို့ ဆိုပါတယ်။

လူဦးရေ တသိန်းဝန်းကျင်သာရှိတဲ့ ပလက်ဝမြို့နယ်မှာ လူဦးရေလေးသောင်းကျော် စစ်ဘေးရှောင်ကြရတာပါ။

အခုမြို့ပေါ်တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာတိမ်းရှောင်ကြရတဲ့အထဲမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တိုက်ပွဲကာလတုန်း ကတည်းက ရှိနေခဲ့တဲ့ စစ်ဘေးရှောင်ငါးထောင်ဝန်းကျင်လည်း ပါဝင်ပါတယ်။

အခုအခါ စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာအရေးတကြီးလိုအပ်နေပြီး အများစုဟာ အဝတ်တထည်၊ ကိုယ် တခု နဲ့ ပြေးလာကြရသူတွေမို့ အနွေးထည်၊ စောင်တွေလည်း လိုအပ်ချက်ရှိနေတယ်လို့ ပလက်ဝမြို့ကနေ တိမ်းရှောင် လာသူတွေက ပြောကြပါတယ်။

AA ဟာ ရခိုင်ဒေသတကျော့ပြန်တိုက်ပွဲစခဲ့ပြီး နောက်တရက် နိုဝင်ဘာ ၁၄ ရက်မှာပဲ ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့ပြီး လက်ရှိမှာ ဗျူဟာကုန်းတွေအပါအဝင် စစ်ကောင်စီ စခန်းပေါင်း ၂၂ ခုထက်မနည်းကို သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။