ထိုင်ဝမ်မှာ ရွေးကောက်ပွဲ စတင်ကျင်းပ

ဇန်နဝါရီ ၊ ၁၃

ထိုင်ဝမ်နိုင်ငံမှာ ရွေးကောက်ပွဲ စတင်နေပြီဖြစ်ပြီး သန်းနဲ့ချီ များပြားတဲ့ မဲဆန္ဒရှင်တွေဟာ နိုင်ငံရဲ့ အနာဂတ် အချိုးအကွေ့တွေကို အဆုံးအဖြတ်ပေးဖို့ မဲရုံတွေဆီ သွားရောက်နေကြပါတယ်။

 သီတင်းပတ်တွေနဲ့ချီ ကြာမြင့်တဲ့ မဲဆွယ်မှုတွေ၊ စည်းရုံးဟောပြောမှုတွေအပြီး ဇန်နဝါရီ ၁၃ ရက်မှာတော့ ထိုင်ဝမ်ကျွန်းမှာရှိတဲ့ မဲဆန္ဒရှင် ၁၉ သန်းကျော်ဟာ ရွေးကောက်ပွဲအတွက် မဲပေးနေကြပြီ ဖြစ်ပါတယ်။

 ရေလက်ကြား တခုသာခြားပြီး တည်ရှိနေသလို ထိုင်ဝမ်ကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်လိုတဲ့ တရုတ် အစိုးရကလည်း ဒီမိုကရေစီ ထွန်းကားရာ ကျွန်းနိုင်ငံငယ်လေးရဲ့ ရွေးကောက်ပွဲကို စေ့စေ့စပ်စပ် စောင့်ကြည့်နေပါတယ်။

 ထိုင်ဝမ် ရွေးကောက်ပွဲဟာ ပြည်တွင်းရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ လုပ်ခလစာ နည်းပါးမှုဆိုင်ရာ ပြဿနာတွေအတွက် လူထုက ဆုံးဖြတ် ရွေးချယ်ရမယ့် လမ်းဆုံလမ်းခွ ဖြစ်သလို တဖက်မှာလည်း တရုတ်-ထိုင်ဝမ် ဆက်ဆံရေး ကဏ္ဍအတွက်လည်း အရမ်းအရေးပါနေပါတယ်။

 လက်ရှိ အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP)ဟာ ထိုင်ဝမ်ကို သီးခြားလွတ်လပ်တဲ့ နိုင်ငံတခုအဖြစ် ရပ်တည်ရေးကို ပိုမိုလိုလားပြီး အဓိက အတိုက်အခံ ကူမင်တန် ပါတီ (KMT)ကတော့ တရုတ် အစိုးရနဲ့ စေ့စပ်ညှိနှိုင်းတဲ့ လမ်းကြောင်းကို ရွေးချယ်လိုပါတယ်။ DPPက တရုတ်ဟာ ထိုင်ဝမ် ရွေးကောက်ပွဲ ရလဒ်ကို စွက်ဖက် ခြယ်လှယ်နိုင်ဖို့ နောက်ကွယ်ကနေ အားထုတ်မှုတွေ ရှိခဲ့ကြောင်းလည်း စွပ်စွဲထားပါတယ်။

 လေ့လာသူတွေကတော့ တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေ ကြီးမားလာနေတဲ့ မျက်မှောက် ကာလမျိုးမှာ ထိုင်ဝမ် ရွေးကောက်ပွဲရဲ့ သဘောသဘာဝက ပိုမို ရှုပ်ထွေးလာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

 ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အာဏာရ ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်ဟာ နောက်တကြိမ် ရွေးကောက်ပွဲ ဝင်ခွင့် မရှိတော့ဘဲ DPP ကိုယ်စားပြု သမ္မတလောင်း အနေနဲ့ လက်ရှိ ဒုတိယ သမ္မတဖြစ်သူ ဝီလျံလိုင် (လိုင်ချင်တီ)က ယှဉ်ပြိုင်မှာဖြစ်ပြီး လူထုအမြင် စစ်တမ်းမှာလည်း ရေပန်းအစားဆုံး အနေနဲ့ ရပ်တည်နေပါတယ်။ လိုင်ကို အဓိက စိန်ခေါ်မှာကတော့ နယူးတိုင်ပေ မြို့တော်ဝန် ဟူယူအိုင်ဖြစ်ပြီး KMT သမ္မတလောင်း အနေနဲ့ ရွေးကောက်ပွဲ ဝင်သွားမှာ ဖြစ်ပါတယ်။

Ref: VoA