ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ယာယီအပစ်ရပ်ရေး သဘောတူညီမှုရတယ်လို့ စစ်ကောင်စီပြော

ဇန်နဝါရီ၊ ၁၂
 
ကိုးကန့်ဒေသမြို့တွေနဲ့ တရုတ်-မြန်မာနယ်စပ်မြို့တချို့အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ ၁၆ မြို့ လက်လွှတ်ခဲ့ရပြီးနောက် ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ယာယီအပစ်ရပ်ရေး သဘောတူညီချက်ရခဲ့ပြီလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ထုတ်ပြန်ပြောဆိုပါတယ်။
 
တရုတ်နိုင်ငံရဲ့ ညှိနှိုင်းဆောင်ရွက်ပေးမှုအရ ကူမင်းမြို့မှာ နှစ်ဖက် တွေ့ဆုံဆွေးနွေးပြီးနောက် ယာယီအပစ်ရပ်ဖို့ သဘောတူညီချက်ရခဲ့တာလို့ သူကပြောပါတယ်။
 
“ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာဖို့အတွက် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြီးရင် နယ်စပ်ဒေသ ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တရုတ်မြန်မာ နှစ်နိုင်ငံ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ” လို့ စစ်ကောင်စီပြောခွင့်ရက ဆိုပါတယ်။
 
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့ဘက်က တာဝန်ရှိသူတွေကို DNA ကဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမယ့် အဆက်အသွယ်မရသေးပါဘူး။
 
RFA မြန်မာပိုင်းသတင်းဌာနက ဒီကနေ့ ဖော်ပြထားတဲ့ သတင်းတရပ်မှာတော့ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့တို့ဟာ အပစ်ရပ်ဖို့ မနေ့ညပိုင်းက သဘောတူညီမှုရခဲ့တာဖြစ်ပြီး အခုသဘောတူညီချက်ဟာ ရှမ်းပြည်နယ် မြောက်ပိုင်းအတွက်ပဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။
 
ရှမ်းမြောက်မှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တပ်တွေ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၇ ရက်ကစလို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြပြီးနောက် ဒီဇင်ဘာလ အတွင်းကလည်း ယာယီအပစ်ရပ်ဖို့ သဘောတူခဲ့ပါသေးတယ်။
 
အဲဒီသဘောတူညီမှု ကာလအတွင်းမှာတော့ ကိုးကန့်ဒေသတွင်းမှာသာ နှစ်ဖက် တိုက်ပွဲတွေ ရပ်နားခဲ့ပြီး TNLA တပ်ဖွဲ့ လှုပ်ရှားရာ ဒေသတွေမှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ကာ TNLA က အရေးပါတဲ့မြို့တချို့နဲ့ စစ်စခန်းတချို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
 
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ မဟာမိတ်တပ်တွေ သိမ်းပိုက်ခဲ့တဲ့ ရှမ်းမြောက်ဒေသတွေကို ပြန်လည်ထိုးစစ်ဆင်ဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တိုက်တွန်းလှုံ့ဆော်ခဲ့ကြပေမယ့် ဒီကနေ့ ယာယီအပစ်ရပ်သတင်း ထွက်ပေါ်လာတာကြောင့် အဲဒီမြို့တွေကို စစ်ကောင်စီအနေနဲ့ လက်လွှတ်လိုက်ရတော့မယ့်သဘောလို့ ရေးသားပြောဆိုကြပါတယ်။
 
ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးကာလ နှစ်လကျော်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက ချင်းရွှေ ဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ဖောင်းဆိုင်၊ မုံးကိုး၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ခမ်း၊ ပန်ဆိုင်း/ကြူကုတ်၊ ကွတ်ခိုင်၊ သိန္နီ စတဲ့မြို့တွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
 
ဓာတ်ပုံ – 3BHA