TNLAက အကျဉ်းသားသုံးရာနီးပါး လွတ်ငြိမ်းခွင့်ပေး၊ စစ်သုံ့ပန်းတွေမပါ

ဇန်နဝါရီ ၊ ၁၂
 
ဒီကနေ့ ကျရောက်တဲ့ ၆၁ နှစ်မြောက် တအာင်းတော်လှန်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းသားသုံးရာနီးပါးကို လွတ်ငြိမ်းခွင့်ပေးလိုက်ပြီး စစ်သုံ့ပန်းတွေတော့ မပါဘူးလို့ တအာင်းတပ် TNLA ကပြောပါတယ်။
 
နှစ်စဉ် တအာင်းတော်လှန်ရေးနေ့မှာ လွတ်ငြိမ်းခွင့် ပေးလေ့ရှိတဲ့အတိုင်း အခုနှစ်မှာလည်း TNLA အနေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၂၉၂ ဦးကို လွတ်ငြိမ်းခွင့်နဲ့ ပြစ်ဒဏ်လျှော့ပေါ့ခွင့်တွေ ပေးလိုက်တာလို့ သိရပါတယ်။
 
“ ပုံမှန်တော့ ကျွန်မတို့ (စစ်သုံပန်း) လွှတ်ပေးပါတယ်။ ဖမ်းမိတာတွေပေါ့နော်၊ မြန်မာစစ်တပ်ဆိုရင် မြန်မာပေါ့နော် RCSS နဲ့ဖြစ်တုန်းကလည်း ပြန်လွတ်ပေးခဲ့ပါတယ် ” လို့ တအာင်းတပ် (TNLA) အဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ အမျိုးသမီးတဦးက ပြောပါတယ်။
 
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ဖမ်းမိထားသူတွေ အပါအဝင် စစ်သုံ့ပန်းတွေကိုတော့ ဒီကနေ့ လွတ်ငြိမ်းခွင့်မှာ ပြန်မလွှတ်သေးပေမယ့် နောက်ပိုင်းမှာ စာရင်းပြုစုပြီး ပြန်လွှတ်ပေးဖို့ ရှိတယ်လို့ သူကဆိုပါတယ်။
 
ရှမ်းမြောက် တအာင်းဒေသတွင်းက နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း တို့အပါအဝင် မြို့တချို့နဲ့ စစ်ကောင်စီစခန်း၊ ဌာနဆိုင်ရာ ရုံးတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ TNLA တပ်ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်သုံ့ပန်းအများအပြား ဖမ်းမိခဲ့ပြီး အရေအတွက်အတိအကျကိုတော့ မသိရပါဘူး။
 
အဲဒီစစ်သုံ့ပန်းတွေထဲက ရာထူးအမြင့်ဆုံး တဦးဖြစ်တဲ့ စစ်ကောင်စီ တပ်မ (၁၀၁) တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းကိုတော့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ TNLA က ထုတ်ပြခဲ့ပါသေးတယ်။
ဒီကနေ့ လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့ အကျဉ်းသား (၂၉၂)ဦးအနက် ထောင်ဒဏ် တလကနေ ငါးနှစ်အထိ ပြစ်ဒဏ်ကျခံနေရသူ ၂၃၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြီး ထောင်ဒဏ် ခုနှစ်နှစ်ကနေ ၂၀ နှစ်အထိ ပြစ်ဒဏ်ကျ ခံနေရသူ ၆၀ ဦးကိုတော့ ပြစ်ဒဏ်လျှော့ပေါ့ခံစားခွင့်ပြုလိုက်တယ်လို့ ဆိုပါတယ်။
 
အခု လွတ်ငြိမ်းခွင့်နဲ့ ပြစ်ဒဏ်လျှော့ပေါ့ခွင့် ရသူတွေထဲမှာ မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ အခြားပြစ်မှု ကျူးလွန်သူတွေ ပါဝင်တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ နှစ် ၆၀ ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်ကတော့ အကျဉ်းသား အကျဉ်းသူ ၇၃ ဦးကို TNLA က ပြန်လွှတ်ပေးခဲ့ပါတယ်။
 
အဲဒီလိုလွှတ်ပေးရာမှာ တခြားအကျဉ်းသား ၆၅ ဦးနဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တော် မတော် RCSS/SSA တပ်သား ၁၁ ဦး ပါဝင်ခဲ့ပါတယ်။
 
ဓာတ်ပုံ – TNLA (ပုံဟောင်း)
ပုံစာ – ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း RCSS တပ်ဖွဲ့ဝင် စစ်သုံ့ပန်းတချို့ကို TNLA ကလွတ်ငြိမ်းခွင့်ပေးခဲ့စဉ်