ဇင်းမယ်က ဦးပန်းညို

 

ဇန်နဝါရီ၊ ၁၁

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့လယ်၊ Charoen Prathet လမ်းပေါ်ရှိ ကော်ဖီဆိုင်ကြီးတစ်ခု၏ အနောက်ဘက်သို့ ဝင်သွားတဲ့အခါ Diamond Raver Side ဟိုတယ်ဆိုသည့် ကြယ်သုံးပွင့်အဆင့်ရှိ အထပ်မြင့် ဟိုတယ်ကြီးကို တွေ့ရမည်ဖြစ်သည်။

ထိုခေတ်မီကော်ဖီဆိုင်နှင့် ဟိုတယ်ဝင်းအတွင်း “ဆိုင်ငှားမည်”ဟု ထိုင်းဘာသာဖြင့် ဆိုင်းဘုတ်တင်ထားသည့် ရှေးဟောင်းအုတ်ခံသစ်သားအိမ်ကြီးတစ်လုံးကိုတော့ လူအများက အမှုမဲ့ အမှတ်မဲ့ သတိထားမိကြမည်မဟုတ်။

ဉရောပဟန်အပြည့်ဖြင့် ခမ်းနားလှသော အုတ်တိုက်အောက်ခံ၊ အပေါ်ပိုင်းတွင် ကျွန်းသစ်များဖြင့် မွန်ဗမာ လက်သမားဆရာကြီးတို့၏ အနုစိပ်လှသော ကနုတ်ပန်းဆွဲဒီဇိုင်းများ၊ လှပသော မော်လမြိုင်ခေါင်အမိုးဖြင့် ထိုအိမ်ကြီးကား နှစ်ပေါင်း တစ်ရာ့ငါးဆယ်စွန်းစွန်းပင်ရှိခဲ့ပေပြီ။

International Institute for Asian Studies မှထုတ်ပြန်သော အရှေ့တောင်အာရှ၏ ထိပ်တန်းလေ့လာစရာပိသုကာလက်ရာများတွင်လည်း ချင်းမိုင်မြို့မှ ထိုအိမ်ကြီး က ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့လယ်၊ Charoen Prathet လမ်းပေါ်ရှိ ဦးပန်းညို နေထိုင်ခဲ့သော အိမ်

တချိန်ကတော့ ထိုအိမ်ကြီး၏ အရေးပါမှု နှင့် သြဇာသည် ဇင်းမယ်ဟု ခေါ်သော ချင်းမိုင်မြို့တင်မက ဘန်ကောက်နန်းတွင်းထဲအထိ ပျံ့နှံ့ခဲ့ဖူးသည်။

ထိုအိမ်ကြီး၏ ပိုင်ရှင်ကား အခြားမဟုတ်။

မြန်မာနိုင်ငံဖွား၊ မော်လမြိုင်သား၊ မွန်လူမျိုး သူဌေးကြီး ဦးပန်းညိုပင်။

ထိုင်းနိုင်ငံ၏ ပဉ္စမမြောက်ရာမဘုရင် ချူလာလောင်ကွန်း လက်ထက် နိုင်ငံအဝှမ်းတော်လှန်ပုန်ကန်မှုများ၊ စီးပွားရေးကျဆင်းမှုများကြောင့် အကြပ်အတည်းတွေ့နေသော ထိုင်းနန်းတွင်းအတွက်  သူဌေးကြီး ဦးပန်းညိုက ငွေသိန်းပေါင်းများစွာ ထုတ်ချေးခဲ့ရဖူးသည်။

ထို့အတွက် ဆဌမမြောက်ရာမဘုရင် ဝဇီရာဝုဒ က ဦးပန်းညိုအား Luang Yonakaran Phichit ခေါ် မဟာယောနကဘွဲ့ အပ်နှင်းခဲ့ရသည်ဟု ၁၉၃၅ ခုနှစ်ထုတ် သူရိယမဂ္ဂဇင်းတွင် ဓညဝတီသာအေး က ရေးသားခဲ့ဖူး၏။

ထိုင်းနိုင်ငံရဲ့ ဆဌမမြောက်ရာမဘုရင် ဝဇီရာဝုဒ က Luang Yonakaran Phichit ခေါ် မဟာယောနကဘွဲ့ အပ်နှင်းခဲ့ရတဲ့ ဦးပန်းညို

ဦးပန်းညို ကို မော်လမြိုင်မြို့၊ ဒိုင်းဝန်ကွင်းရပ် တောင်ကွင်းကျောင်းဒကာကြီး ဦးမောင်ရေး နှင့် ဒေါ်ဦးတို့ မှ ၁၈၄၅ ခုနှစ် တွင် မွေးဖွားခဲ့သည်။

မောင်ပန်းညိုသည် မွေးချင်းငါးယောက်ထဲတွင် သားအကြီးဆုံးဖြစ်သည်။ မွေးချင်းများထဲတွင် မရီနှင့် မောင်မင်းဆိုသည့်အမည်မှလွဲပြီးကျန်သူများ၏ နာမည်ကို မှတ်တမ်းများတွင် ရှာမတွေ့ခဲ့။

မော်လမြိုင်မှာ နေထိုင်စဉ်က ဦးပန်းညို နှင့် ညီအစ်ကိုများ

ထိုအချိန်ကာလက မော်လမြိုင်သည် ဗြိတိသျှတို့ လက်အောက်သို့ ရောက်ရှိနေပြီဖြစ်ပြီး ပင်လယ်ရေကြောင်းကုန်သွယ်မှုအချက်အချာဒေသလည်းဖြစ်သည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ၊ ချင်းမိုင်ခရိုင်တို့မှတဆင့် တရုတ်နိုင်ငံတောင်ပိုင်းယူနန် တို့အကြား အဓိက ကုန်သွယ်ဆိပ်လည်းဖြစ်သည်။

ဘုံဘေဘားမားသစ်ကုမ္ပဏီ၏ ကျွန်းသစ်ကုန်သွယ်မှုတွင်လည်း အချက်အချာဆိပ်ကမ်းတစ်ခုပင်။

တချိန်တွင် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံး သူဌေးကြီးမောင်ပန်ယို ခေါ် ဦးပန်းညို ဖြစ်လာမည့် မောင်ပန်းညိုသည် အင်္ဂလိပ်ကျောင်းကို အထက်တန်းအထိတက်ရောက်ပြီးသည့်နောက် ၁၈၆၀ ကျော်ကာလများအတွင် ဗြိတိသျှဘုံဘေဘားမားကူးသန်းရောင်းဝယ်ရေးကုမ္ပဏီ ၏ မော်လမြိုင်ကျွန်းသစ်ရောင်းဝယ်ရေးဌာနတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

သံလွင်မြစ်ကြောတစ်လျှောက် ခုတ်ယူပြီးသော ကျွန်းသစ်များကို မော်လမြိုင်ဆိပ်ကမ်းသို့ စုဆောင်းရာတွင် တာဝန်ယူခဲ့၏။

မကြာမီပင် ဘုံဘေဘားမားကုမ္ပဏီမှ ထွက်ပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့သို့ သွားရောက်ကာ ဇင်းမယ်လန်နာဘုရင် ကဝီလိုရော့ဆူရီယမ်နှင့် ဘုံဘေဘားမားကုမ္ပဏီအကြား သစ်ကုန်သွယ်မှုလုပ်ငန်းများကို စတင်လုပ်ကိုင်နိုင်ရန် ကြိုးပမ်းခဲ့သည်။

၁၈၈၀ ပြည့်နှစ်တွင် ဘုံဘေဘားမားကုမ္ပဏီသည် တက်ခ်ခရိုင်၊ ချင်းမိုင်နှင့် လန်ပန်းအပါအဝင် ထိုင်းတစ်နိုင်ငံလုံးတွင် သစ်လုပ်ငန်းကို ချဲ့ထွင်လာခဲ့ပြီး ထိုင်းနိုင်ငံအတွင်းရှိ ကုမ္ပဏီပိုင်ဆင်အများစုကို ဗြိတိသျှလက်အောက်ခံ မြန်မာလူမျိုး သစ်ကန်ထရိုက်တာများထံလွှဲပြောင်းလုပ်ကိုင်ခွင့်ပြုခဲ့ရာ  ထိုအထဲတွင် ဦးပန်းညိုလည်း အပါအဝင်ဖြစ်သည်။

တဖက်တွင်လည်း ဦးပန်းညိုသည် ဗြိတိသျှအင်ပါယာနိုင်ငံသားကုန်သည်တစ်ဦးဖြစ်သည့်အတွက် ဇင်းမယ်ဘုရင်ထံမှ စီးပွားရေးဆိုင်ရာအထူးအခွင့်အရေးများရရှိခဲ့သည်။

ထိုစဉ်က ဘန်ကောက်နန်းတော်၏ သြဇာအောက်သို့ မရောက်ရှိသေးသော ထိုင်းမြောက်ပိုင်းလန်နာတော်ဝင် မိသားစုနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့သည့် ဦးပန်းညိုမှာ တစတစ ချမ်းသာလာခဲ့သည်။

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ချင်းမိုင်မြို့အပါအဝင် အနီးအနားမြို့များဖြစ်သော Lampang၊ Lamphun၊ Phayao မြို့များရှိ Wat Mahawan၊ Wat Saen Fang၊  Wat Chetawan၊ Wat Buppharam၊ Wat Nong Kham၊ Wat Sri Don Chi၊ Wat Chiang Yuen၊ Wat Chaimongkol ၊ Wat Koh Klang ၊ Wat Chang Kham၊ Wat Chedi Liam စသော ဘုရားပုထိုးများအား ဦးပန်းညို မှ ပြုပြင်တည်ဆောက်ပေးခဲ့သည်။

ထို့အပြင် တောင်အာရှ၏ အဆင့်မြင့်ဆုံးပိသုကာလက်ရာများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရသည့် ချင်းမိုင်မြို့ ရှင်ဥပဂုတ္တကျောင်းတော်သည်လည်း ဦးပန်းညို ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ဦးပန်းညို လှူတန်းခဲ့သည့် တောင်အာရှ၏ အဆင့်မြင့်ဆုံးပိသုကာလက်ရာတွေထဲက တခုအဖြစ် သတ်မှတ်ခံထားရတဲ့ ချင်းမိုင်မြို့ ရှင်ဥပဂုတ္တကျောင်းတော်

ဘုရားစေတီများအပြင် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ လမ်းများ၊ တံတားများ၊ တူးမြောင်းများကို ဦးပန်းညို က ဆောက်လုပ်ပြုပြင်မှုများစွာ ပြုလုပ်ခဲ့သည်။

ထိုင်းမြောက်ပိုင်းဇင်းမယ်သည် ဘန်ကောက်ဘုရင် ရာမ(၅)၏ လက်အောက်သို့ ရောက်ရှိသွားသည့်အခါတွင်လည်း ဦးပန်းညို အား ဘန်ကောက်နန်းတွင်းမှ လက်လွတ်မခံခဲ့ကြ။

ရာမ (၅) ခေါ် ချူလာလောင်ကွန်ဘုရင်လက်ထက်တွင် ထိုင်းနိုင်ငံတွင်း စီးပွားရေးအကြပ်အတည်းများ၊ နေရာအနှံမှ ပုန်ကန်မှုများကို နှိမ်နင်းခဲ့ရသည်။

နန်းတွင်းတွင်လည်း စစ်စရိတ်များကြောင့် ငွေကြေးကြပ်တည်းမှုများ ကြုံတွေ့ခဲ့ရချိန်တွင် ဦးပန်းညို မှ ငွေသန်းပေါင်းများစွာ ချေးငှားကူညီခဲ့ရ၏။

ပုန်ကန်မှုများကို နှိမ်နင်းနိုင်ပြီးသည့်နောက် ထိုင်းဘုရင်မင်းမြတ်က ဦးပန်းညို အား ထိုင်းနိုင်ငံမြောက်ပိုင်းရှိ သစ်တောများတွင် သစ်ထုတ်လုပ်ခွင့်ပေးခဲ့သည်။

ချူလာလောင်ကွန်းဘုရင်နန်ရွာစံပြီး သားတော် ရာမ(၆)ခေါ် ဝဇီရာဝုဒဘုရင်မင်းမြတ်နန်းတက်သည့်အခါ ထိုင်းနိုင်ငံ၏ အမြင့်ဆုံးသူဌေးဘွဲ့များထဲမှ တစ်ခုဖြစ်သော မဟာယောနက ဘွဲ့အပ်နှင်းခဲ့၏။

ထိုင်းနိုင်ငံတွင် ဦးပန်းညိုသည် Luang Yo Luang Yanakar Phichit ဟူသောအမည်ဖြင့် ကျော်ကြားသည်။

ထိုခေတ်အခါက အချမ်းသာဆုံးဖြစ်ခဲ့သော ဦးပန်းညို ၏ အိမ်ထောင်ရေးကိစ္စမှာလည် လူတိုင်း အာရုံစိုက်စရာတစ်ခုဖြစ်ခဲ့ရသည်။

ဦးပန်းညိုတွင် တရားဝင်ဇနီးမယား (၄)ဦးရှိခဲ့ပြီး တရားမဝင်ဇနီးပေါင်းဆယ့်နှစ်ယောက်ခန့် ရှိခဲ့သည်။

ဦးပန်းညို၏ ဇနီးများမှာ ဗမာ၊ရှမ်း၊မွန်၊လာအို၊ ထိုင်း လူမျိုးပေါင်းစုံပါဝင်သည်ဟုလည်း ပြောစမှတ်ပြုခဲ့ကြ၏။

ပထမဇနီး ဒေါ်ကြွယ်နှင့် သားနှစ်ဦး၊သမီးတစ်ဦးထွန်းကားခဲ့သည်။ ‌ဒေါ်ကြွယ်ကွယ်လွန်ပြီးနောက် ဒေါ်ချင်းဟု ခေါ်သော အမျိုးသမီးနှင့်ဒုတိယအိမ်ထောင်ပြုကာသားတစ်ဦး၊သမီးတစ်ဦးမွေးဖွားခဲ့၏။ တတိယမြောက်ဇနီး၏ အမည်ကို မသိရသော်လည်း ထိုအမျိုးသမီးနှင့် သားသမီးကိုးဦးထွန်းကားခဲ့သည်။ စတုတ္ထမြောက်ဇနီးနှင့်မူ သားသမီးထွန်းကားခြင်းမရှိခဲ့။

ဦးပန်းညို၏ စတုထ္တ ဇနီး နှင့် သားသမီးများ

ဦးပန်းညို ထားရစ်ခဲ့သောအမွေအနှစ်များအနက် ဆောင်းပါအစတွင်ဖော်ပြခဲ့သော  Diamond Raver Side ဟိုတယ်ဝန်းအတွင်းမှ Luang Pan Yo House နှင့် ၄င်း၏ကပ်ရပ်တွင် သီးခြားတည်ရှိနေသော Mosway Manor အိမ်ကြီးတို့မှ ယနေ့တိုင်ကျန်ရှိနေသည်။

ဟိုတယ်ဝင်းအတွင်းမှ Luang Pan Yo House ရှေ့တွင် အိမ်တည်ဆောက်သည့်ခုနှစ်ကို နှောင်းလူများက ၁၈၆၀ ဟု ရေးထိုးထားသော်လည်း ထိုအချိန်က ဦးပန်းညိုမှာ မော်လမြိုင်တွင်ပင်ရှိသေးပြီး အသက်(၁၅)နှစ်အရွယ်ပင် ရှိသေးသဖြင့် မှားယွင်းနေသည်ဟု ဆိုရပေမည်။

သမိုင်းသုတေသီ Frans Betgem ကမူ အိမ်တည်ဆောက်သည့်ကာလကို ၁၉၀၀ ပြည့်နှစ်များဖြစ်နိုင်သည်ဟု ခန့်မှန်း၏။

Luang Pan Yo House ခေါ် ဦးပန်းညိုအိမ်ကြီး တည်ဆောက်ထားပုံမှာ ဥရောပနှင့် ရှေးမွန်ပိသုကာလက်ရာ ကို စနစ်တကျ ပေါင်းစပ်ထားခြင်းဖြစ်သည်။

အုတ်ခံဖြစ်သော အောက်ထပ်ကို ဉရောပပိသုကာများက တည်ဆောက်ခဲ့ကြပြီး ကျွန်းသစ်များအတိပြီးသော အပေါ်ထပ်နှင့် သီးသန့်ဘုရားခန်းဆောင်တို့ကို မော်လမြိုင်မှ မွန်လက်သမားဆရာကြီးများက တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။

ဉရောပဟန်ဖြစ်သော အောက်ထပ်ကို ဦးပန်းညိုက ရုံးခန်းအဖြစ်အသုံးပြုပြီး မွန်ပိသုကာဟန်ဖြစ်သော အပေါ်ထပ်ကို နေအိမ်အဖြစ် အသုံးပြုခဲ့သည်။

အိမ်၏ မြောက်ဘက်၊ အနောက်ဘက်နှင့် တောင်ဘက်မျက်နှာစာတွင် ပန်းကနုတ်ဖော်ထားသော ဝရံတာများဖြင့် ရစ်ပတ်ထားသည်။

အိမ်တွင် မူလက အပြင်ဘက်မှတက်သော လှေကား သုံးခု ရှိပြီး အတွင်းတွင် လှေကားတစ်ခုပါရှိသည်။

ဦးပန်းညို၏ အိမ်မှာ သူလှူဒါန်းခဲ့သော ချင်းမိုင်မြို့၊ ရှင်ဥပဂုတ္တကျောင်းတော်နှင့် လက်သမားတစ်စုတည်းက တပြိုင်တည်း တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရာချင်း တူညီမှုရှိသည်ဟု International Institute for Asian Studies ၏ ဆောင်းပါးတွင် ဖော်ပြထားသည်။

Wat Upaguta  ခေါ် ရှင်ဉပဂုတ္တကျောင်းတော်မှာမူ ကျောင်းထိုင်ဘုန်းတော်ကြီးတို့၏ အဆက်ဆက်ပြုပြင်မှုများကြောင့် ယခုအခါ မူလပုံစံ လုံးဝပျက်စီးသွားခဲ့ရပြီဖြစ်၏။

Mosway Manor ခေါ် မောင်ရွှေဂေဟာ သည်လည်း ဦးပန်းညိုအိမ်တည်ရှိရာ ဟိုတယ်၏ ဘေးဘက်ခြံဝန်းတွင် ယနေ့တိုင်းအကောင်းပကတိ ကျန်ရှိသေးသည်။

သော့ခတ်ထားသော ခြံစည်းရိုးအား အပြင်ဘက်မှ ချောင်းကြည့်သည့်အခါ မွန်ဗမာပိသုကာဟန်အပြည့်ဖြင့် ဆောက်လုပ်ထားသော ထိုဂေဟာကို မြင်နိုင်ပါသည်။

Mosway Manor ခေါ် မောင်ရွှေဂေဟာ

အိမ်‌ရှေ့ရှိ ကမ္ဗည်းပြားတွင် Mosway ၏ သားဖြစ်သူ Luang Pan Yo က တည်ဆောက်ခဲ့သည်ဟု ရေးသားထား၏။

Mosway မှာ ဦးပန်းညို၏ ဖခင် Maung Yay ကို ထိုင်းအသံထွက်ဖြင့် ရေးသားရာမှ ရွေ့လျားလာခဲ့ခြင်းဖြစ်မည်ဟု ယူဆရပါသည်။

(၁၉၁၉ ဝန်းကျင်ခန့်က Mosway Manorရှေ့တွင် ဦးပန်းညို ၏ စတုတ္ထမြောက်ဇနီးနှင့် သားသမီးကိုးယောက် ရိုက်ကူးထားသော ဓာတ်ပုံကိုဖော်ပြထားပါသည်)

Mosway Manor ၏ အနောက်ဘက်တွင် နန်းတော်မှ အဆောင်ငယ်လေးများကဲ့သို့ သီးခြားဘန်ဂလိုငယ်လေးများလည်း တွေ့ရှိရပြီး ထိုအဆောင်ငယ်လေးများကို လျှောက်လမ်းတစ်ခုတည်းဖြင့် ဆက်စပ်ထားသည်။

အစေခံများသို့မဟုတ် တရားမဝင်ဇနီးမယားများကို ထားရှိသည့် အဆောင်များဟုလည်း ယူဆရသည်။

ထိုမျှ ချမ်းသာထည်ဝါခဲ့သော မွန်သူဌေးကြီး ဦးပန်းညို မှာလည်း လောကဓံတရား၏ နိမ့်မြင့်ကို မတွန်းလှန်နိုင်ခဲ့ပေ။

၁၉၂၀ ကျော်ကာလများတွင် ကျန်းမာရေးချို့တဲ့လာခဲ့ပြီး စီးပွားရေးလည်း ကျဆင်းခဲ့ရသည်။

နောက်ဆုံးတွင် ဦးပန်းညိုပိုင်ဆိုင်သည့် ဆင်အကောင် ၃၀၀ ကျော်နှင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းများကို ဘော်နီယိုကုမ္ပဏီလက်တွင်းသို့ ကျရောက်သွားခဲ့ရသည်။

၁၉၂၇ တွင် မွန်သူဌေးကြီး ဦးပန်းညိုသည် ချင်းမိုင်မြို့တွင် ပင် ကွယ်လွန်သွားခဲ့၏။

နှစ်ပေါင်းတစ်ရာသုံးဆယ်ကျော်ကြာပြီးသည့်နောက်တော့ တချိန်က ခမ်းနားထည်ဝါစွာရှိခဲ့ဖူးသည့် ဦးပန်းညို ၏ အိမ်ကြီးသည် တရုတ်ယူနန်စားသောက်ဆိုင်အဖြစ်လည်းကောင်း၊ ထိုင်းရိုးရာအနှိပ်ခန်းအဖြစ်လည်းကောင်း အဆက်ဆက်အသုံးတော်ခံခဲ့ရရှာသည်။

ယခုနောက်ဆုံး ကျွန်တော်ရောက်ရှိသွားချိန်တွင်တော့ ဦးပန်းညို၏ နေအိမ်ကို ဟိုတယ်မှ ပြင်ဆင်မှုလုပ်နေပြီး အိမ်၏ လေဝင်ပေါက် ပန်းကနုတ်များကို လွှဖြင့်တိုက်ဖြတ်ကာ လေစုပ်ပန်ကာများတပ်ဆင်နေသည်ကို စိတ်မကောင်းဖွယ်ရာတွေ့ရှိရသည်။

အရှေ့တောင်အာရှ၏ စိတ်ဝင်စားဖွယ်ရာ အထင်ကရ ပိသုကာလက်ရာတစ်ရပ်ကို  ပညာရှင်များနှင့် စနစ်တကျထိန်းသိမ်းပြုပြင်ခြင်းမျိုးမဟုတ်ပဲ သာမန်အလုပ်သမားများနှင့်သာ ပြုပြင်နေကြသည်။

ဟိုတယ်ဝန်းနှင့် ဘေးကပ်လျက် Mosway Manor ခေါ် မောင်ရွှေဂေဟာ ကတော့ သော့ဂလောက်တန်းလန်းနောက်ကွယ်တွင် တိတ်ဆိတ်စွာဖြင့် ထီးထီးကြီး။

လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်ကတော့ ထိုအိမ်ကြီးနှစ်အိမ်ရှေ့တွင် သစ်ကုမ္ပဏီပွဲစားများ၊ စီးပွား‌ရေးသမားများ၊ အစိုးရအရာရှိများ၊ အလုပ်သမားများဖြင့် စည်ကားနေခဲ့ပါလိမ့်မည်။

မောင်ရွှေဂေဟာရှေ့တွင်လည်း သူဌေးကြီး ဦးပန်းညို၏ ဇနီးများ၊ သားသမီးများဖြင့် သိုက်သိုက်ဝန်းဝန်းပျော်ပါးစွာ ရှိနေခဲ့ပါလိမ့်မည်။

ယခုတော့…အတိတ်သည် ပစ္စုပ္ပန်၏ မျက်ကွယ်ပြုမှုအောက်တွင် တည်ငြိမ်အေးစက်စွာ။

ခက်ဇော်

………………………………………

Ref;

– Luang Yonakaran Phichit , A Burmese merchant in Chiang Mai by Frans Betgem

– Indigenzation of Southeast Asian Buddhist Architecture;Case Study of a Burmese Monastery at Wat Upagupta,Chiang Mai by Chotima Chaturawong

– နိုင်ငံခြားတွင် သူဌေးဘွဲ့ရသောမြန်မာတစ်ဦး ခွန်လောင်းယောနက ၊ ဓညဝတီသာအေး ၊ သူရိယမဂ္ဂဇင်း ၁၉၃၅

(ယခုဆောင်းပါးဖြစ်မြောက်ရေးအတွက် ကူညီပေးခဲ့ကြသော မွန်သမိုင်းသုတေသီ ဆရာဦးဝင်းဘို ခေါ် ဗညားအဲာဝင်၊ ချင်းမိုင်မြို့မှ ကိုသော်ဇင်၊ ထိုင်းလူမျိုးမိတ်ဆွေများဖြစ်သော Note Lanna Thai၊ Ohm Nattawut တို့အား ကျေးဇူးအထူးတင်ရှိပါသည်)