လောက်ကိုင်မှာ လက်နက်ကြီးထိပြီး အရပ်သား တဒါဇင်ကျော်သေဆုံးမှု စစ်ကောင်စီနဲ့ MNDAA အပြန်အလှန်စွပ်စွဲ

နိုဝင်ဘာ၊ ၂၃
 
လောက်ကိုင်မြို့ တုန်ချိန်ရပ်ကွက်မှာ နေရပ်ပြန်မယ့် အရပ်သားကားတစီး လက်နက်ကြီးထိလို့ လူဆယ်ဦးကျော် သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ MNDAA တို့က အပြန်အလှန်စွပ်စွဲပြောဆို ထုတ်ပြန်ထားပါတယ်။
 
ကိုးကန့်တပ် MNDAA တပ်ဖွဲ့ဟာ လောက်ကိုင်မြို့ကို ရှော့တိုက်ဒုန်း ၁၃ လုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် တုံချိန်မှာ ကားတစီးကို ထိမှန်ခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရက မနေ့က ပြောထားသလို MNDAA ကလည်း အဲဒီဖြစ်စဉ်ဟာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးထိမှန်တာလို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။
 
လောက်ကိုင်မြို့ကနေ နေရပ်ပြန်မယ့်သူတွေ လိုက်ပါလာတဲ့ လိုက်ထရပ်ကားတစီးဟာ မနေ့က မနက် ကိုးနာရီခွဲလောက်က တုံချိန်ရပ်ကွက်မှာ လက်နက်ကြီး ထိမှန်ပေါက်ကွဲခဲ့ပြီး ကားပေါ်ပါသူအားလုံး သေဆုံးခဲ့တာပါ။
 
အဲဒီဖြစ်စဉ်အတွင်း သေဆုံးသူ အနည်းဆုံး ၁၄ ဦးရှိခဲ့တယ်လို့ MNDAA က ဒီကနေ့ ထုတ်ပြန်ဖော်ပြပါတယ်။ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုချက်မှာတော့ ထိခိုက်သေဆုံးမှု အခြေအနေကို အသေးစိတ်ဖော်ပြထားတာ မရှိပါဘူး။
 
လောက်ကိုင်မြို့မှာ ရှိနေတဲ့ ဒေသခံတချို့ကတော့ မနေ့ကဖြစ်စဉ်ဟာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး ထိတာလို့ DNA ကိုပြောထားပါတယ်။
 
“ ပြန်ဖို့ဆိုပြီး ထွက်ကြတဲ့ ကားတန်းပေါ်ကို စစ်တပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျပြီး လူတွေ သေသွားတယ်၊ တုံချိန်ဘက်ဆိုတော့ မြို့ထဲကို ကျတာလို့ ပြောလို့ရတယ် ” လို့ လောက်ကိုင်မြို့မှာ ပိတ်မိနေတဲ့ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။
 
ဒီဖြစ်စဉ်မတိုင်မီ နိုဝင်ဘာ ၁၁ ရက်ကလည်း မီရှင့်ကုတ်နေရာက စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပါစင်ကျော်ဘက်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ စစ်ရှောင်အရပ်သား အများအပြား ထိခိုက်သေဆုံးခဲ့သေးတယ်လို့ MNDAA ကဆိုပါတယ်။
 
မနေ့က လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်မှာ လက်နက်ကြီး ထိမှန်ခဲ့တဲ့ကားဟာ ဆိုးဆိုးရွားရွားထိခိုက်ခဲ့ပြီး ကားတစီးလုံး ပုံပျက်ပန်းပျက် ပျက်စီးသွားသလို တကွဲတပြား လွင့်စင်နေတဲ့ ရုပ်အလောင်းတွေကိုလည်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ရုပ်သံနဲ့ ဓာတ်ပုံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။
 
ကိုးကန့်တပ်ဖွဲ့ (MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကတော့ အဲဒီပစ်ခတ်မှုဟာ လောက်ကိုင်အခြေစိုက် စစ်ကောင်စီတပ် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်က ပစ်ခတ်တာလို့ သတင်းဌာနတွေကို ပြောဆိုထားပါတယ်။
 
မနေ့က လောက်ကိုင်မြို့မှာ လက်နက်ကြီးကြောင့် အရပ်သားတွေ သေဆုံးတဲ့ဖြစ်စဉ် ရှိခဲ့သလို သေနတ်ပစ်ခတ်သံတွေလည်းဆက်တိုက်ကြားရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
ရှမ်းမြောက်ဒေသက စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ လောက် ကိုင်မြို့ကို တိုက်ခိုက်တော့မယ်လို့ နိုဝင်ဘာ ၁၄ ရက်က ထုတ်ပြန်ထားတာပါ။
 
ဒါ့အပြင် နိုဝင်ဘာ ၁၈ ရက်ကလည်း အရပ်သားတွေအနေနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးဌာန၊ တပ်စခန်းတွေနဲ့ အမြန်ဆုံး တတ်နိုင်သမျှ ဝေးဝေးမှာ နေကြဖို့၊ တရုတ်နိုင်ငံသားတွေ တရုတ်နိုင်ငံကို ပြန်ကြဖို့ ထုတ်ပြန်အသိပေးထားပါသေးတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်းက ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ရေးသတင်းထုတ်ပြန်ချက်တွေမှာတော့ လောက်ကိုင်မြို့ကို ဝန်းရံပိတ်ဆို့ထားပြီး သင့်တော်တဲ့အချိန်မှာ တိုက်ခိုက်မယ်လို့ ဆိုထားပါတယ်။
 
ဒီကနေ့လည်း မူဆယ်မြို့အနီး ကျင်စန်းကျော့ တရုတ်-မြန်မာ ကုန်သွယ်ရေးဂိတ် ကားဝန်းထဲ ပေါက်ကွဲမှုဖြစ်လို့ ကုန်တင်ကား ဆယ်စီးထက်မနည်း မီးလောင်ပျက်စီးခဲ့ပါသေးတယ်။
 
အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့လည်း မူဆယ်မြို့အနီးမှာ အခြေစိုက်လှုပ်ရှားတဲ့ TNLA ပူးပေါင်းတပ်တွေက လက်နက်ကြီး ပစ်ခတ်တာလို့ စစ်ကောင်စီက စွပ်စွဲထားသလို ဒေသခံတချို့နဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေကလည်း စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက် ပေါက်ကွဲတာလို့ ဆိုထားပါတယ်။
 
ဓာတ်ပုံ – CJ