နိုင်ငံရေး လှုပ်ရှားသူကို ဖမ်းဖို့လာတဲ့ရဲတွေ PDFကပစ်ခတ်လို့ လေးဦးသေဆုံး

နို၀င်ဘာ ၊ ၂၃

ပဲခူးတိုင်း ဖြူးမြို့နယ် ဆင်းမွတ်တောရွာအနီးမှာ အခုလ ၁၄ ရက်ညနေပိုင်းက နိုင်ငံရေးတက်ကြွ လှုပ်ရှား သူ တ ဦးကို လာရောက်ဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့၀င်တွေကို PDFတွေက ပစ်ခတ်တိုက်ခိုက်လို့ ဒုရဲအုပ်တဦးအပါအ၀င် လေးဦးသေဆုံးသွားတယ်လို့ တောင်ပိုင်းတိုင်း အထူးကွန်မန်ဒိုတပ်ရင်း တာ၀န်ရှိသူတဦးကDNAကို ပြောပါ တယ်။

“တက်ကြွလှုပ်ရှားသူတယောက်ကို သူတို့ဆင်းဖမ်းတဲ့အခြေနေတခုမှာ ကင်းပုန်းနဲ့တွေ့တာပေါ့၊သူတို့ထဲက ဖရဲသီးတွေကောင်းလို့ပဲပြောရမယ် ” လို့သူကဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၀င် လေးဦးနဲ့ အုပ်ချူပ်ရေးမှူးတဦးဟာ ဆိုင်ကယ် သုံးစီးနဲ့ လက်နက်တွေ ကိုင်ဆောင်ကာ ဒေသခံတွေကို PDF တွေရှိမရှိ မေးမြန်းလာရင်း PDF အထူးကွန်မန်ဒိုတပ်ဖွဲ့တွေ ကင်းပုန်း၀ပ် နေတဲ့ နေရာ ကိုရောက်လာတာလို့ သူကဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ တောင်ငူအမှတ်(၂) ရဲစခန်းက ဒုရဲအုပ်နေ၀င်းထွန်းဆိုသူ အပါအ၀င် လေးဦးသေဆုံးခဲ့ပြီးတဦးကတော့ထွက်ပြေးလွတ်မြောက်သွားတယ်လို့ တောင်ပိုင်းတိုင်း အထူး ကွန်မန်ဒိုတပ်ရင်းက အခင်းဖြစ်အပြီး တပတ်ကျော်အကြာ ဒီကနေ့မှာသတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီဖြစ်စဉ်ကနေ စစ်ကောင်စီလက်အောက်ခံတွေဆီက အရာရှိကိုင် ခြောက်လုံးပြူးသေနတ်တလက် အပါအ၀င် G-3 အမျိုးအစား သေနတ် နှစ်လက်၊ AK-47 သေနတ် တလက်နဲ့ ကျည်ဆံတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါ တယ်။

စစ်ကောင်စီလက်အောက်ခံ ရဲတွေကို ကွန်မန်ဒိုတပ်ရင်း၊ ရိုးမ(၂) စစ်ကြောင်းအဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန် ရေး တပ်ဖွဲ့ဝင် တဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းတိုင်း အထူးကွန်မန်ဒိုတပ်ရင်း တာ၀န်ရှိသူတဦးကပြောပါတယ်။

“သူတို့က လက်နက်တွေနဲ့ အဆင်သင့်၀င်လာတဲ့အတွက် ထိတွေ့မှုဖြစ်ခဲ့ကြတာပေါ့၊ဒဏ်ရာကအနည်းငယ်ပဲ ရှပ် ထိတာ သက်သာလို့ လုပ်ငန်းတွေ ပြန်လုပ်နေတယ် ” လို့သူကပြောပါတယ်။

အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေက ပဲခူးတိုင်း ဖြူးမြို့၊ ကျောက်ကြီးမြို့ နဲ့ ညောင်လေးပင်မြို့တွေဘ က် ကို လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေအပြင် လက်နက်ကြီးတွေနဲ့လည်း နေ့စဉ်ဆိုသလို ပစ်ခတ်မှု တွေလုပ် နေတယ်လို့ သူကဆက်ပြောပါတယ်။