စစ်တပ်ပစ်ခတ်မှုကြောင့် အရပ်သား ငါးဆယ်ဦးထက်မနည်းသေဆုံးမှု အရေးယူပေးဖို့ နိုင်ငံတကာကို TPCC တောင်းဆို

နိုဝင်ဘာ၊ ၂၂

ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက် သေဆုံးမှု တွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေကိုအမြန်ဆုံး  အကောင်အထည်ဖော်ဖို့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံ ကောင်မတီ( TPCC) က တောင်းဆိုလိုက်ပါတယ်။

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂ရစတင်တဲ့ အောက်တိုဘာလ ၂၇ ရက်က နေ ဒီကနေ့အထိ ကလေးသူငယ် ၁၄ ဦးအပါအဝင် အရပ်သား ၄၉ ဦးသေဆုံးပြီး ၇၄ ဦးဒဏ်ရာရတယ်လို့ TPCC က ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

TPCC ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၈ ရက်မှာ တအာင်းနိုင်ငံရေးပါတီ၊ရွေးကောက်ခံ ကိုယ်စားလှယ်တွေ၊ အရပ်ဘက်အဖွဲ့အစည်း တွေနဲ့ ဖွဲ့စည်းခဲ့ပြီး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုလည်းရှိပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နမ့်ခမ်း၊မူဆယ်၊ကွတ်ခိုင်၊လားရှိုး ၊ မန်တုံ၊ သိန္နီ၊နောင်ချို၊ကျောက်မဲ၊နမ့်ဆန်မြို့တွေမှာရှိတဲ့ ကျေးရွာ ၃၉ ရွာက ဒေသခံတွေထိခိုက်သေဆုံးခဲ့ရပြီး TPCC က ကောက်ယူရရှိတဲ့ စာရင်းသာဖြစ်တယ်လို့ ဆိုပါတယ်။

 ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့   တိုက်ခိုက်မှုတွေကြောင့် လူနေအိမ်၊ဇရပ်၊ဘုန်းတော်ကြီးကျောင်း အပါအဝင် စုစုပေါင်း အဆောက်အအုံ  ၁၅၅ လုံးထက်မနည်း မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

စစ်ကောင်စီတပ်ဟာ  နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ပြီး ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အေ ပါ်ြ ပစ်မှု ကျူးလွန်တာတွေ ကို နေ့စဉ်ပြောင်ပြောင်တင်းတင်းဖောက်ဖျက်ကျူးလွန်ကာ တအာင်းဒေသအတွင်းရှိ အပြစ်မဲ့ ပြည်သူတွေ၊ ရပ်ရွာတွေရှိရာကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တယ်လို့ ဖော်ပြထားပါတယ်။

 ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ရှမ်းမြောက်ထိုးစစ်အတွင်း တအောင်းတပ် (TNLA)အနေနဲ့ အဓိက လှုပ်ရှားနေတဲ့ နောင်ချို၊လားရှိုး၊သိန္တိ၊ကျောက်မဲ ၊ မူဆယ်၊ကွတ်ခိုင်၊ နမ့်ခမ်းမြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စခန်းပေါင်း လေးဆယ် ကျော်ကို  သိမ်းပိုက်ရရှိထားတယ်လို့ TNLA သတင်းပြန်ကြားရေး တာဝန်ခံက DNA  ကိုပြောထားပါတယ်။

 ဒီလို စစ်ကောင်စီတပ်အနေနဲ့ စခန်းကြီး၊စခန်းငယ်တွေ နဲ့မြို့တွေ ကို တခုပြီး တခုလက်လွှတ်ဆုံးရှုံးခဲ့ရပြီး တဲ့နောက် စစ်ပွဲတွေနဲ့မသက်ဆိုင်ဘဲ အရပ်သားတွေ နေထိုင်တဲ့ ရပ်ရွာတွေနဲ့လူနေအိမ်တွေကို လက်နက်ကြီးနဲ့ပစ်ခတ်သလို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာတွေလည်းရှိပါတယ်။

 ဒီလို စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးတွေနဲ့ နေ့စဉ်ဆိုသလို ပစ်ခတ်နေတာကြောင့် ဒေသခံတွေ အနေနဲ့ အပြင်ကို စိတ်ချလက်ချ မထွက်ရဘဲဗုံးခိုကျင်းတွေထဲမှာပဲ အမြဲနေနေရတယ်လို့ဒေသခံ တွေကပြောပါတယ်။

“ ဘယ်သူမှ တော့ အပြင်သိပ်မထွက်ရဲဘူး စိတ်ချလက်ချလေ။ အသံကြားတာနဲ့၊ဗုံးခိုကျင်းတွေထဲမှာ ပဲနေနေရတာ “လို့ နမ့်ဆန်မြို့နယ်မှာ နေတဲ့ ဒေသခံ အမျိုးသားတဦးကဆိုပါတယ်။