နိုဝင်ဘာ၊ ၂၂
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ Wattana Resort မှာ ဒီကနေ့ နိုဝင်ဘာလ ၂၂ ရက် ညနေပိုင်း ကျင်းပဖို့ စီစဉ်ထားတဲ့ Freedom Tattoo Burma ကမ်ပိန်း ဖျော်ဖြေရေးနဲ့ ဈေးရောင်းပွဲတော်ကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်တားဆီးလို့ ပွဲဖျက်လိုက်ရတယ်လို့ အခမ်းအနား ဖြစ်မြောက်ရေး တာဝန်ရှိသူတွေထံက သိရပါတယ်။
“ အဲဒီအစီအစဉ်က ပျက်သွားပါတယ်။ ဖျော်ဖြေပွဲကျင်းပမယ့်နေရာကို ထိုင်းအာဏာပိုင်တွေက တားဆီးပြီးတော့မှ ပြင်ဆင်ထားတဲ့ စတိတ်စင်ပေါ်က ကြေညာပိုစတာတွေကို ဖြုတ်သွားတယ်။ ပွဲကို ရပ်တန့်ကိုလည်း ပြောသွားခဲ့တယ်ဗျ ” လို့ အခမ်းအနား ဖြစ်မြောက်ရေး တာဝန်ရှိသူ ကိုဂျိမ်းက DNA ကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကင်(မ်)အဲရစ်ဦးဆောင်ကာ “Freedom Tattoo Burma ကမ်ပိန်း” Tattoo ထိုးတဲ့ အစီအစဉ်ကို ဒီကနေ့ မနက်ပိုင်းမှာ မဲဆောက်မြို့ The Space စင်တာမှာ မနက်ပိုင်းအစီအစဉ်အဖြစ် ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ညနေပိုင်း ဖျော်ဖြေရေး၊ ဈေးရောင်းပွဲတော်အစီအစဉ်ကို မဲဆောက်မြို့ Wattana Resort မှာ ကျင်းပဖို့ စီစဉ်ထားတာကို ထိုင်းအာဏာပိုင်အဖွဲ့တွေက ဒီကနေ့ နိုဝင်ဘာလ ၂၂ ရက် မနက်ပိုင်းမှာ ဝင်ရောက်တားဆီးပြီး ပွဲအစီအစဉ်မကျင်းပဖို့ကို တားမြစ်ခဲ့တာ ဖြစ်ပါတယ်။
ဒီလို Wattana Resort မှာ စီစဉ်ထားတဲ့ အခမ်းအနားကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စီးနင်းချိန်မှာ ပွဲစီစဉ်သူတချို့ ဖမ်းဆီးခံရတာမျိုးတွေ ရှိတယ်လို့ ပြောဆိုမှုတွေ ရှိနေပေမယ့် အခမ်းအနားဖြစ်မြောက်ရေး တာဝန်ရှိသူကတော့ တဦးတယောက်မျှ ဖမ်းဆီးခံရတာမျိုး မရှိဘူးလို့ ပြောပါတယ်။
“ ဖမ်းဆီးခံရတဲ့သူက မရှိပါဘူး။ ပွဲစီစဉ်သူတွေအနေနဲ့ ဒီမှာ ဆောင်ရွက်လိုက်တဲ့အတွက်ကို မဆောင်ရွက်ဖို့အတွက် ခံဝန်လက်မှတ်ထိုးလိုက်ရတဲ့ အနေအထားတော့ ရှိပါတယ် ” လို့ အခမ်းအနား ဖြစ်မြောက်ရေး တာဝန်ရှိသူ ကိုဂျိမ်းက ပြောပါတယ်။
အဲဒီ Campaign ဟာ ဥပဒေမဲ့ မတရားဖမ်းဆီးခံရပြီး အသက်ပေးခဲ့ရသော မြန်မာ့ရိုးရာလက်ဝှေ့ချိန်ပီယံ တူးတူးကို မှတ်တမ်းတင် ဂုဏ်ပြုနိုင်ဖို့ကို ရည်ရွယ်ပြီး လုပ်တာဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအတွင်းရှိ စစ်ဘေးရှောင်ပြည်သူ နှစ်သန်းကျော်အတွက် အရေးပေါ်လိုအပ်နေတဲ့ အကူအညီ အထောက်အပံ့မှာ ပေးအပ်ကူညီနိုင်ဖို့နဲ့ မြန်မာနိုင်ငံအတွင်း မတရားဖမ်းဆီးခံထားရတဲ့ သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကင်(မ်)က ဦးဆောင်ကာ ကျင်းပတာဖြစ်ပါတယ်။
အခမ်းအနားတက်ရောက်လာတဲ့ တက်တူးဝါသနာရှင် မည်သူကိုမဆို ကမ်ပိန်းရဲ့ အဓိက ရုပ်ပုံဖြစ်တဲ့ နဂါးပုံ အပါအဝင် မိမိကြိုက်နှစ်သက်တဲ့ ပုံတွေကို အချိန်အကန့်အသတ်ပေါ်မူတည်ကာ တက်တူးပညာရှင်တွေက အခမဲ့ ထိုးပေးသွားမှာ ဖြစ်ပါတယ်။
“ သတ်မှတ်ထားတာ မရှိပါဘူး။ ဒီပွဲက ငွေကြေးကို အဓိက မထားပဲ ပါဝင်နိုင်တဲ့ လူဦးရေကို အဓိကထား ဆောင်ရွက်နေတာ ဖြစ်တယ် ” ကိုဂျိမ်းက ဆက်ပြောပါတယ်။
ဒီလိုမျိုး Tattoo Campaign ကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှာပါအဝင် ကိုးရီးယား၊ မလေးရှား၊ ဂျပန် အစရှိတဲ့ နိုင်ငံတွေမှာ ကျင်းပ ပြုလုပ်နေကြတယ်လို့ သူက ပြောပါတယ်။
နိုင်ငံဂုဏ်ဆောင်လက်ဝှေ့ချိန်ပီယံ တူးတူး (ခေါ်)နဂါးမာန်က စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြလှုပ်ရှားမှုမှာ ရှေ့ဆုံးက ပါဝင်ခဲ့သူတဦးဖြစ်ပြီး သူ့ကို ၂၀၂၂ ခုနှစ်၊ ဧပြီလကုန်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။
ဖမ်းဆီးခံရပြီး တနှစ်အကြာ ၂၀၂၃ ခုနှစ်၊ ဧပြီလကုန်ပိုင်းမှာ စစ်ကြောရေးမှာ သေဆုံးသွားခဲ့ပြီး သူ့ရဲ့ ရုပ်အလောင်းကိုတောင် မိသားစုဝင်တွေ မြင်တွေ့ခွင့် မရလိုက်ပါဘူး။
ဒါဟာ မြန်မာစစ်တပ်က ဆိုးရွားတဲ့ လုပ်ရပ်တခုဖြစ်တာကို သက်သေခံနေတာဖြစ်တာကြောင့် မြန်မာ့အရေးကို ကမ္ဘာက ပိုပြီး စိတ်ဝင်စားလာအောင် လုပ်ဖို့ တက်တူးရေးထိုးမယ့် အစီအစဉ်ကို အကောင်အထည်ဖော်လိုက်ရတာ ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံမှာ နေထိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကင်မ်အဲရစ်က ဗွီအိုအေ မြန်မာပိုင်းသတင်းဌာနကို ဖြေဆိုထားပါတယ်။
လက်ရှိ နိုင်ငံဂုဏ်ဆောင်လက်ဝှေ့ချန်ပီယံ တူးတူးရဲ့ အမည်နဲ့ နဂါးပုံတပုံကို ကင်မ်ရဲ့ ညာဘက်လက်မောင်းမှာ ထိုးထားပြီးလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – CJ