နိုဝင်ဘာ၊ ၂၂
ဧရာဝတီတိုင်းအတွင်း မြို့နယ်အများစုက စက်သုံးဆီ ရောင်းချတဲ့ ဆိုင်ကြီး၊ ဆိုင်ငယ်တွေမှာ နိုဝင်ဘာလ ဒုတိယပတ်အတွင်းကစပြီး ဓါတ်ဆီနဲ့ ဒီဇယ် ဝယ်ယူရရှိဖို့ ခက်ခဲလာတယ်လို့ ဒေသခံတွေနဲ့ စက်သုံးဆီရောင်းချသူတွေထံက သိရပါတယ်။
စက်သုံးဆီ ရောင်းချတဲ့ ပန့်ဆိုင်ကြီးတွေမှာ စက်သုံးဆီ ဘောက်ဆာကား ရောက်လာချိန် နာရီပိုင်း အကန့်အသတ်နဲ့သာ ဝယ်ယူ ရရှိနိုင်ပြီး လမ်းဘေးတနိုင်တပိုင်ရောင်းချတဲ့ ပုလင်းဆိုင်တွေနဲ့ ပန့် ဆိုင်ငယ်တွေကလည်း ဆိုင်ဖွင့်ရောင်းချတာ နည်းပါးလာတာကြောင့် ဝယ်ယူသုံးစွဲဖို့ ခက်ခဲလာတာပါ။
ပုသိမ်မြို့သာမက ဖျာပုံ၊ မအူပင်၊ မြောင်းမြ၊ ပန်းတနော်၊ ဒေးဒရဲ၊ လပွတ္တာ၊ ကျောင်းကုန်းနဲ့ မော်လမြိုင်ကျွန်း စတဲ့မြို့နယ် တော်တော်များများမှာလည်း စက်သုံးဆီ ဝယ်လိုအားနဲ့ ရောင်းလိုအား မျှတမှုမရှိဘဲ စက်သုံးဆီ ပြတ်လပ်ကာ ဝယ်ယူခက်ခဲမှု ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပုသိမ်မြို့က အိုးဝေ သုံးဘီးကား မောင်းသူ ကိုမျိုးဝင်း က “ ဆီပန့်ဆိုင်ကြီးတွေက ဖွင့်ထားတယ်။ နေ့လည်ပိုင်း သွားဝယ်ရင် ကုန်ပြီဆိုပြီး လက်ခါပြတယ်။ နံနက်စောစော စောင့်ပြီး တန်းစီစောင့်ဝယ်ရတယ်။ ဒါပေမယ့် နေ့တိုင်း တနေ့လုံး အချိန်မရွေး ဓါတ်ဆီနဲ့ဒီဇယ် ဝယ်လို့ မရဘူး။ ရတဲ့အခါတော့ ရတယ်။ မရတာက များတယ် ” လို့ DNA ကို ပြောပါတယ်။
ဧရာဝတီတိုင်းက စက်သုံးဆီ ရောင်းဝယ်တဲ့ လုပ်ငန်းရှင်တွေအတွက် ရရှိတဲ့ စစ်ကောင်စီရဲ့ သီလဝါခွဲတန်းက နည်းပါးတာကြောင့် ဒေသအတွင်း လုံလောက်မှု မရှိဖြစ်ကာ အကန့်အသတ် နဲ့ မျှဝေပြီး ရောင်းချနေရတယ်လို့ ဧရာဝတီတိုင်း စက်သုံးဆီ လုပ်ငန်းရှင်များအသင်းထံက သိရပါတယ်။
လမ်းဘေး တနိုင်တပိုင် ရောင်းချတဲ့ ပုလင်းဆိုင်တွေနဲ့ ပန့် ဆိုင်ငယ်တွေ ဆိုင်ဖွင့် ရောင်းချတာ နည်းပါးလာတာကတော့ လိုင်စင်မရှိတာကို အကြောင်းပြပြီး စစ်ကောင်စီက ရောင်းချခွင့် ပိတ်ထားတာ ဖြစ်တဲ့အပြင် ရောင်းချရင် ပစ္စည်းသိမ်းပြီး ကျပ်သိန်းငါးဆယ် ဒဏ်တပ်မယ် ဖိအားပေးထားတာကြောင့် ဖြစ်ပါတယ်။
“ လမ်းဘေးမှာ မရောင်းရဘူး။ ဖမ်းတယ်၊ ဆီးတယ် ဆိုတော့ ခိုးချောင် ခိုးဝှက် ရောင်းကြရတယ် ဆိုင်ခင်းပြီး မရောင်းရဲဘူး။ ကျီးလန့်စာစား လုပ်စားနေရတယ်။ ပန့်အသေးလေးနဲ့ ရောင်းတဲ့ အိမ်ဆိုင်တွေဆို ပန့်ပုံးကို ထုတ်မခင်းရဲတော့ဘူး။ အိမ်လာဝယ်တဲ့ သူတွေကိုပဲ ရေသန့်ဗူးတွေထဲ ထည့်ပြီး ရောင်းနေကြရတယ် ” လို့ ငပုတော-ပုသိမ် လမ်းမကြီးဘေးမှာ ရေသန့်ဗူး၊ ပုလင်း တို့ နဲ့ ဓါတ်ဆီရောင်းသူတဦးက ပြောပါတယ်။
ဓါတ်ဆီ၊ ဒီဇယ်ဆီနဲ့ စက်သုံးဆီ ကို အလွယ်တကူ လိုအပ်သရွေ့ရောင်းဝယ်လို့ မရတာ၊ ဈေးနှုန်းမြင့်တက်လာတာတွေကြောင့် အိမ်တွင်း စက်မှုလက်မှုလုပ်ငန်း လုပ်သူတွေ ယာဉ်နဲ့ ခရီးသွားလာရေးလုပ်ငန်း လုပ်တဲ့သူတွေ အခက်ကြုံနေရပါတယ်။
ရေလမ်း အများဆုံး အသုံးပြုတဲ့ ဧရာဝတီတိုင်း အတွင်းမှာ မြို့ပြနဲ့ ကျေးလက် ဒေသတွေကို ပြေးဆွဲကြတဲ့ ပုဂ္ဂလိက စက်လှေနဲ့ ရေယာဉ်လိုင်း အချို့လည်း စက်သုံးဆီ ပြတ်လပ်မှုကြောင့် အခေါက်ရေလျော့ ပြေးဆွဲကြရတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းရဲ့ မြို့တိုင်းမှာ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ စက်သုံးဆီ ရောင်းတဲ့ ပန့်ဆိုင်ကြီးတွေနဲ့ လမ်းဘေးမှာ ပုလင်းနဲ့ ရောင်းတဲ့ ဆိုင်တွေရှိနေပြီး ပုသိမ်မြို့ တမြို့ထဲမှာပင် ပန့်ဆိုင်ကြီး ၁၇ ဆိုင်၊ လမ်းဘေးမှာ ပုလင်းနဲ့ ရောင်းတဲ့ဆိုင် ၁၅၀ ဝန်းကျင်နဲ့ ပန့်ပုံးအသေးနဲ့ ရောင်းတဲ့အိမ် ဆိုင် လေးဆယ်ကျော်ရှိတယ်လို့ စက်သုံးဆီ ရောင်းချသူတွေထံက သိရပါတယ်။
စက်သုံးဆီပြတ်လပ်မှုဟာ ဧရာဝတီတိုင်းသာမက စီးပွားရေးမြို့တော် ရန်ကုန်အပါအဝင် နယ်မြို့ကြီးတချို့မှာပါ ဖြစ်ပေါ်နေတဲ့အပြင် စက်သုံးဆီစျေးနှုန်းတွေလည်း တက်သွားတာ ရှိပါတယ်။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စက်သုံးဆီတင် သင်္ဘောတွေ အဆက်မပြတ်ဝင်ရောက်နေတယ်လို့ မကြာသေးခင်က ထုတ်ဖော်ပြောကြားထားပါတယ်။
ဓာတ်ပုံ – CJ