ဆေးယဉ်ပါး ဘက်တီးရီးယားတွေက ကျန်းမာရေးဆိုင်ရာ ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်လာနိုင်ခြေရှိနေ

နိုဝင်ဘာ၊ ၂၂

ကမ္ဘာတလွှားမှာ ဆေးယဉ်ပါး ဘက်တီးရီးယား ရောဂါပိုးမွှားတွေ ပိုမို ထူထပ်လာခြင်းက လူသားတွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်စရာ ခြိမ်းခြောက်မှုအသစ် တခု ဖြစ်လာနေကြောင်း ပညာရှင်တွေက သတိပေးခဲ့ပါတယ်။ 

ပိုးသတ်ဆေး (Antibiotic)တွေရဲ့ အာနိသင်ကို တောင့်ခံနိုင်တဲ့ အဲဒီ ရောဂါပိုးတွေဟာ ကိုင်တွယ် ကုသဖို့ ခက်ခဲလွန်းပြီး အသက်အန္တရာယ်ကို ထိပါးစေတဲ့အထိ ဆိုးရွားလှတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ကြုံလာစေနိုင်ပါတယ်။

နောက်ပြီး အဲဒီလို ရောဂါပိုးတွေကို ထိထိရောက်ရောက် တားဆီးနိုင်မယ့် ကုသဆေးတွေကို ထဲထဲဝင်ဝင် သုတေသနပြု စမ်းသပ်နေတဲ့ ဆေးဝါးကုမ္ပဏီတွေကလည်း စျေးကွက်ထဲမှာ နည်းနည်းလေးပဲ ရှိနေပါတယ်။ အကြောင်းကတော့ အဲဒီလို ဆေးတွေအတွက် သုတေသန စရိတ်တွေက အရမ်းကြီးမားပြီး အချိန်ယူရသလို အမြတ်အစွန်းလည်း နည်းပါးတာကြောင့် ဖြစ်တယ်လို့ နယ်သာလန် အခြေစိုက် Access to Medicine ဖောင်ဒေးရှင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီ ဖောင်ဒေးရှင်းက ဆေးယဉ်ပါး ဘက်တီးရီးယား မျိုးစုံဟာ အနာဂတ် ကာလတခုမှာ လူသားတွေရဲ့ ကျန်းမာရေး ကဏ္ဍအတွက် အဓိက ခြိမ်းခြောက်မှုကြီးတခု ဖြစ်လာနိုင်တယ်လို့ ခိုင်ခိုင်မာမာ ယူဆထားပြီး ကြိုတင် ပြင်ဆင်မှု အစီအမံတွေကို ကြိုးစား ရှာဖွေနေပါတယ်။

ဂျာမနီရဲ့ သုတေသန အခြေပြု ဆေးဝါးကုမ္ပဏီများ အဖွဲ့ (VFA)ရဲ့ အဆိုအရ ကမ္ဘာတလွှားမှာ ဆေးယဉ်ပါး ဘက်တီးရီးယားတွေအတွက် ကုသဆေးတွေ ဖော်စပ်နိုင်ဖို့ ဆေးရုံ ဆေးခန်းတွေမှာ လက်တွေ့ စမ်းသပ်တဲ့ အဆင့်ထိ ရောက်ရှိနေတဲ့ ဆေး ၆၈ မျိုးသာ ရှိသေးပြီး ၂၉၂ မျိုးကတော့ ဓာတ်ခွဲခန်းထဲမှာ လေ့လာနေဆဲလို့ သိရပါတယ်။ အဲဒီ စမ်းသပ် ဆေးဝါးတွေဟာ လက်တွေ့ အောင်မြင်တဲ့အဆင့် ရောက်လာမယ်လို့လည်း အာမခံချက် မရှိပါဘူး။

ကမ္ဘာတလွှားမှာ ဆေးယဉ်ပါး ရောဂါပိုးတွေကြောင့် လူ့အသက်တွေ ခြိမ်းခြောက်ခံရမှု အဆိုးဆုံး နယ်မြေတွေကတော့ အာဖရိကတိုက်ရဲ့ ဆာဟာရ သဲကန္တာရနဲ့ ထိစပ်နေရာ နိုင်ငံတွေမှာ ဖြစ်တယ်လို့ Lancet ဆေးပညာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။ မနှစ်တုန်းက ကမ္ဘာတလွှားမှာ ဆေးယဉ်ပါး ရောဂါပိုးတွေ ဒဏ်ကြောင့် သေဆုံးသူတွေ၊ ရောဂါလက္ခဏာ ခံစားခဲ့ရသူတွေ စုစုပေါင်းဦးရေ ၅ သန်းလောက်ထိ ရှိခဲ့တယ်လို့ သုတေသန စစ်တမ်း တချို့ကို ကိုးကားပြီး ပညာရှင်တွေက ကောက်ချက်ချထားပါတယ်။

လက်ရှိ အခြေအနေအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်ဟာ ဆေးယဉ်ပါး ရောဂါပိုးတွေကို ခုခံ တွန်းလှန်နိုင်မယ့် ဆေးဝါးတွေ အပူတပြင်း လိုအပ်နေပေမယ့် နိုင်ငံပေါင်း ၁၀ ခုလောက်မှာသာ အလားအလာကောင်းတဲ့ စမ်းသပ်အဆင့် ဆေးဝါးတွေ ရောက်ရှိနေဆဲ ဖြစ်တာကြောင့် ကမ္ဘာ့လူသား အများစုအတွက် ထိရောက်တဲ့ ကုသဆေးတွေ လက်လှမ်းမီနိုင်ရေး မျှော်လင့်ချက်က နည်းပါးနေဆဲ ဖြစ်ပါတယ်။

 

Ref: DW