နိုဝင်ဘာ၊ ၂၂
စစ်တပ်က လူငယ်တွေကို အကြောင်းမဲ့ဖမ်းဆီးမှုတွေ ခပ်စိပ်စိပ်လုပ်နေတယ်ဆိုတဲ့ သတင်းဟာ ရန်ကုန်၊ မန္တလေး လို မြို့ပြက လူထုကြားထဲ ပျံ့နှံ့နေပါတယ်။
အာဏာသိမ်းပြီးကတည်းက လူသောင်းချီ ဖမ်းဆီးခံခဲ့ရပြီး ဖြစ်တာကြောင့် ဖမ်းဆီးတယ်ဆိုတဲ့ အခြေအနေက မဆန်းလှတော့ပေမယ့် “ပေါ်တာ” ဆိုတဲ့ စကားလုံးပါ ကပ်ပါလာတဲ့နောက် မြို့ပြလူထုဟာ ထိတ်ထိတ်လန့်လန့် ဖြစ်နေကြရတော့တယ်။
“ ပေါ်တာ ဆွဲနေတယ်၊ ညအပြင်မထွက်နဲ့ဆိုပြီး အရပ်ထဲမှာရော၊ စျေးထဲမှာပါ ပြောနေကြတာ ” လို့ တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ CDM တက္ကသိုလ်ကျောင်းသားတဦးက ပြောပါတယ်။
ဒီသတင်းဟာ မကြာခင်ရက်ပိုင်းကစပြီး ထွက်ပေါ်လာခဲ့ကာ အချိန်တိုအတွင်း မြို့ပြနေလူထုကြား တဦးကိုတဦး သတိပေးပြောဆိုရတဲ့ အခြေအနေအထိ ဖြစ်လာပါတယ်။
နိုင်ငံတဝှမ်းမှာ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ခုခံတော်လှန်တဲ့ တိုက်ပွဲတွေ ပေါ်ပေါက်လာပြီးနောက် စစ်အုပ်စုက သူတို့ကို ထောက်ခံသူတွေကို ပြည်သူ့စစ်အဖြစ် လက်နက်တပ်ဆင်ဖွဲ့စည်းပေးတာ၊ နယ်ဘက်ဒေသတွေမှာ အရပ်သားတွေကို လူသားဒိုင်းအဖြစ် ဖမ်းတာ၊ တပ်ဖွဲ့တွေအတွက် လိုအပ်တဲ့ ကိစ္စတွေ ခိုင်းဖို့ ဖမ်းတာမျိုးတွေ တောက်လျှောက်ရှိခဲ့ပါတယ်။
ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေဆီကို လက်နက်ချလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထွက်ဆိုချက်တွေ၊ ပြောစကားတွေ အရလည်း အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံလိုက်ရပြီးနောက် တပ်သားသစ်အနေနဲ့ စုဆောင်းခံလိုက်ရတာမျိုးတွေလည်း ရှိနေတာပါ။
မြို့ပြမှာတော့ အဲ့ဒီလို စစ်ကောင်စီတပ်ဖွဲ့ဝင်အနေနဲ့ ဖမ်းဆီးစုဆောင်းခံရတာကို အရပ်စကားနဲ့ပြောကြတဲ့ “ပေါ်တာ” ကိစ္စဟာ ပြီးခဲ့တဲ့ နှစ်နှစ်ခွဲအတွင်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးစရာ ကိစ္စတခုအနေနဲ့ မရှိခဲ့ပါဘူး။
ရှမ်းမြောက်ဒေသမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထိုးစစ်စတင်ချိန် စစ်ကောင်စီက နိုင်ငံတဝှမ်းမြို့ပြတွေမှာ ညမထွက်ရအမိန့်တွေ ရုပ်သိမ်းခဲ့ချိန် အောက်တိုဘာလကုန်ပိုင်းကစလို့ “ပေါ်တာ” ကိစ္စဟာ မြို့ပြလူတန်းစားတွေကြား အငြင်းပွားစရာ ဖြစ်လောက်အောင် ကျယ်ပြန့်လာပါတယ်။
စစ်တပ်အနေနဲ့ လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးခေါ်ဆောင်သွားတာတွေ လုပ်နေကာ ညဘက်တွေမှာ အဆိုးဆုံးဖြစ်တယ်လို့ ရန်ကုန်မြို့ခံတချို့က ဆိုပါတယ်။
အဲဒီလို ဖမ်းဆီးတာကို ကိုယ်တိုင်မြင်တွေ့လိုက်သူတွေရှိပြီး သူတို့ကတဆင့် သတိပေးမှုတွေ ထွက်ပေါ် လာတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ညအချိန် အပြင်ထွက်သွားလာရင်းက အဆက်အသွယ်ပြတ်ပျောက်ဆုံးနေတဲ့ လူငယ်တချို့ရှိနေတယ်ဆိုတဲ့ လူမှုကွန်ရက်ပေါ်က ဖော်ပြချက်တွေကလည်း မြို့ပြနေလူထုရဲ့ စိုးရိမ်မှုကို တိုးပွားလာစေပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ်မှာ နေထိုင်တဲ့ တက္ကစီယာဥ်မောင်းတဦးကတော့ သာကေတမြို့နယ်ထဲမှာ လူငယ်ငါးဦးလောက် ဖမ်းဆီးခံရတဲ့ အခြေအနေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့နောက် “ပေါ်တာ” ကိစ္စဟာ အမှန်တကယ် ဖြစ်နေတာလို့ ယူဆနေပါတယ်။
“ သာကေတ တိုင်းရင်းသားကျေးရွာနားမှာ လူငယ်ငါးယောက်လောက်ရှိမယ် ပါသွားတာ၊ ဒါကတော့ ကိုယ်တိုင် တွေ့လိုက်တာ ” လို့ သူကပြောပါတယ်။
အလားတူ ဒီရက်ပိုင်းထဲမှာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်တွေမှာလည်း လမ်းသွား၊ လမ်းလာ လူငယ်တချို့ကို စစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ရှိတယ်ဆိုပြီး အဲဒီမြို့နယ်တွေမှာ နေထိုင်သူတချို့က ဆိုပါတယ်။
ဒါ့အပြင် လူငယ်တွေစုနေတဲ့ အိမ်ခန်း၊ အဆောင်တွေကို ဧည့်စာရင်းအကြောင်းပြ ဝင်စစ်ပြီး ဖမ်းဆီးတာ၊ လမ်းထိပ် စုထိုင်နေတဲ့သူတွေကို ခေါ်သွားတာတွေ ရှိနေတယ်ဆိုပြီးတော့လည်း ရန်ကုန်လူထုကြား ပြောဆိုမှုတွေ ရှိနေပါတယ်။
ဒီရက်ပိုင်းထဲ ရပ်ကွက်တခုကို လူနှစ်ဆယ် ရှာပေးဖို့ အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက စေခိုင်းထားတယ်ဆိုတဲ့ သတင်းစကားလည်း ထွက်ပေါ်နေတာကြောင့် ပြည်သူတွေရဲ့ စိုးရိမ်စိတ်ကို ပိုကြီးထွားစေခဲ့ပါတယ်။
“ ဘယ်ရက်ကတော့ ဘယ်လမ်းက ဘယ်နှယောက်ပါတယ်ဆိုပြီးတော့ ပြောနေကြတာတွေက နေ့တိုင်း ကြားနေရတာပဲ၊ သေချာလား၊ သတင်းမှားလား ဆိုတာတော့ မပြောတတ်ဘူး။ လူတွေကြားထဲမှာ အဲဒီကိစ္စက စိုးရိမ်တကြီးကို ဖြစ်နေကြတာ ” လို့ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။
ဒါပေမယ့် ဖမ်းဆီးခံရသူတွေအားလုံး စစ်ကောင်စီ တပ်သားသစ်အဖြစ် စုဆောင်းထည့်သွင်းခံလိုက်ရသလား ဆိုတာကိုတော့ တိတိကျကျ သက်သေပြနိုင်တဲ့ အခြေအနေမျိုး မရှိသေးပါဘူး။
စစ်ကောင်စီဟာ ရှမ်းမြောက်ထိုးစစ်အပြင် ၁၀၂၇ စစ်ဆင်ရေးလှိုင်းနဲ့အတူ ပေါ်ပေါက်လာတဲ့ နိုင်ငံတဝန်းက တော်လှန်ရေး အင်အားစုတွေရဲ့ ထိုးစစ်တွေမှာ အထိနာကာ တိုက်ခိုက်ရေးအင်အား ချိနဲ့နေတယ်ဆိုတဲ့ အခြေအနေတွေကနေ မြို့ပြမှာအထိ “ပေါ်တာ” ဆွဲနေပြီဆိုတဲ့ အယူအဆ ပိုအားကောင်းလာတဲ့ အခြေအနေမျိုးလည်း ရှိနေပါတယ်။
စစ်တပ်က ဖမ်းဆီးသွားတဲ့ လူငယ်တွေကို မိသားစုနဲ့ တွေ့ခွင့်မပေးတာ၊ ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။
“ သူငယ်ချင်းရဲ့ သားဆိုရင် အလုပ်ကပြ န်လာတာကို လမ်းမှာ ဖမ်းသွားတယ်၊ ပြီးတော့ ပိုက်ဆံသုံးသိန်းနဲ့ ပြန်ရွေးခဲ့ရတယ် ” လို့ ဒဂုံမြို့သစ် (တောင်ပိုင်း)မှာ နေထိုင်သူတဦးက ပြောပါတယ်။
ရန်ကုန်မြို့တွင်း မြို့နယ်တခုမှာ နေထိုင်တဲ့ လူငယ်အမျိုးသားတဦးကတော့ သူ့ရဲ့ သူငယ်ချင်းဖြစ်သူဟာ ညအချိန် လမ်းဘေးမှာ ဘီယာထိုင်သောက်နေရင်းက ဖမ်းဆီးခံခဲ့ရတယ်လို့ ပြောပြပါတယ်။
အဲဒီလူငယ်ကိုတော့ နီးစပ်သူတဦးက ညှိနှိုင်းဖြေရှင်းပေးခဲ့တာကြောင့် ငွေကြေးမပေးရဘဲ ပြန်လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
အခုလို ဖမ်းဆီးတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာတာကြောင့် ရန်ကုန်မြို့က လမ်းတော်တော်များများမှာ ညအစောပိုင်းလောက်မှာတင် အသွားလာနည်းသွားပြီး ရှင်းလင်းနေပါတယ်။
ညနေ ၆ နာရီလောက်ကစလို့ လမ်းသွားလမ်းလာ နည်းလာပြီး ည ၈ နာရီလောက်ဆိုရင် လမ်းပေါ်မှာ လူမရှိသလောက် ရှင်းလင်းသွားတယ်လို့ လှိုင်သာယာမြို့နယ်မှာ နေထိုင်သူတဦးက ဆိုပါတယ်။
” အရင် ည ၁၀ နာရီကျော်အထိ လူစည်တဲ့ လမ်းမကြီးတွေမှာတောင် အခုက ရှင်းလင်းနေရောပဲ၊ ပေါ်တာဆွဲတယ် ဆိုတဲ့သတင်း ထွက်ပြီးကတည်းက ဆိုင်တွေလည်း စောသိမ်းကုန်ကြတယ် ” လို့ လှိုင်သာယာမြို့နယ်၊ ကျန်စစ်သား အိမ်ရာအနီး နေထိုင်သူတဦးက ပြောပါတယ်။
အဲဒီလို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးနေတယ်ဆိုတဲ့အတွက် စက်ရုံအလုပ်သမားတွေကြားမှာလည်း စိုးရိမ်မှုတွေ ကြီးထွားနေပါတယ်။
အချိန်ပိုဆင်းပြီး ညနောက်ကျမှ ပြန်ရတဲ့ အလုပ်သမားတွေအနေနဲ့ စစ်တပ်ရဲ့ ပစ်မှတ်ဖြစ်လာမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ “ အချိန်ပိုကမဆင်းလို့လည်း မရဘူး၊ ပြန်ရတာလည်း နောက်ကျတယ်၊ အိမ်ပြန်တဲ့လမ်းက အခုနောက်ပိုင်း လူရှင်းနေတော့ ပိုကြောက်ရတယ် ” လို့ ရွှေပြည်သာမြို့နယ်က စက်ရုံလုပ်သားတဦးက ပြောပါတယ်။
အခုလို ရန်ကုန်မြို့မှာ ပေါ်တာဆွဲတယ်ဆိုတဲ့ သတင်းမထွက်ခင်က မန္တလေးမှာ ပေါ်တာဆွဲတဲ့ သတင်းတွေ အရင်ဆုံးထွက်ခဲ့တာ ဖြစ်ပါတယ်။
မန္တလေးတိုင်း စစ်ကောင်စီက ပေါ်တာဆွဲနေတယ်ဆိုတာ မဟုတ်ကြောင်း ထုတ်ပြန်ပြီးငြင်းဆိုခဲ့ပေမယ့် ရန်ကုန်မှာတော့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြောတာ မရှိသေးပါဘူး။
အခုပေါ်တာဆွဲခံရသူတချို့ကို ရှေ့တန်းပို့ပြီး စစ်ကြောင်းအတွက် ပစ္စည်းသယ်ခိုင်းတာ၊ လူသားတံတိုင်း လုပ်ခိုင်းတာ၊ စစ်တပ်ယူနီဖောင်း ဝတ်ခိုင်းပြီး အင်အားထုတ်ပြတာမျိုး လုပ်ဖို့စစ်ကောင်စီဘက်က ကြိုးစားနေတယ်ဆိုပြီး သတင်းတွေထွက်နေပေမယ့် တိတိကျကျ အတည်ပြုနိုင်တဲ့ အခြေအနေမျိုးတော့ မရှိပါဘူး။
စစ်ကောင်စီဟာ ဒေသအစုံမှာ စစ်မျက်နှာဖွင့်နေရပြီး အကျရူံးများနေတာကြောင့် အင်အားဖြည့်တင်းဖို့အတွက် နည်းမျိုးစုံအသုံးပြုလာနိုင်တယ်လို့ နိူင်ငံရေးစောင့်ကြည့်လေ့လာသူတွေက ကြိုတင်သတိပေးမှုတွေ ရှိခဲ့ပါတယ်။
ဒါပေမယ့် ဒီအချက်ဟာလည်း လက်တွေ့မှာ မှန်ကန်မှုရှိမရှိဆိုတာ တပ်အပ်ပြောနိုင်ဖို့ ခက်ပါတယ်။
သေချာတာကတော့ လတ်တလော သတင်းထွက်ပေါ်နေသလို မြို့ပြတွေမှာ “ပေါ်တာ” တကယ်ဆွဲသလားဆိုတာ လက်ဆုပ်လက်ကိုင်မပြနိုင်ကြပေမယ့် မြို့ပြနေလူထုကတော့ စိုးရိမ်ထိတ်လန့်နေကြရတယ်ဆိုတာပါ။
သင်္ဃန်းကျွန်းမြို့နယ်က အသက်နှစ်ဆယ် အရွယ်ကုမ္ပဏီဝန်ထမ်း လူငယ်အမျိုးသားတဦးရဲ့မိခင်ကတော့ အခုလို သတင်းတွေကြောင့် အလုပ်သွားတဲ့ သားဖြစ်သူ အိမ်ပြန်မရောက်မချင်း စိုးရိမ်နေရတယ်လို့ အခုလိုပြောပါတယ်။
“ အလုပ်ကနေ အိမ်တန်းပြန်ဖို့ နေ့တိုင်းမှာနေရတယ်၊ သူ အိမ်ပြန်ရောက်မှ စိတ်အေးရတော့တာ ” လို့ သူကဆိုပါတယ်။