လွိုင်ကော် တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် ဝန်ထမ်းနဲ့ မိသားစုဝင်တွေ လုံခြုံစွာရှိနေကြောင်းထုတ်ပြ

နိုဝင်ဘာ၊ ၂၀

တော်လှန်ရေးအင်အားစုတွေက ဖမ်းဆီးသွားတယ်လို့ စစ်ကောင်စီက စွပ်စွဲထားတဲ့ လွိုင်ကော် တက္ကသိုလ်ကပညာရေးဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ လုံခြုံစွာရှိနေတယ်လို့ ကရင်နီတော် လှန်ရေး အင်အား စုတွေက ဒီကနေ့ရုပ်သံနဲ့တကွထုတ်ပြန်လိုက်ပါတယ်။

တော်လှန်ရေးအင်အားစုတွေက သတ်ဖြတ်လိုက်ပြီလို့ စစ်အုပ်စုရဲ့ ဝါဒဖြန့် လူမှုကွန်ရက်တွေက ဖော်ပြခဲ့ကြတဲ့ လွိုင်ကော် တက္ကသိုလ်ပါမောက္ခချုပ်ကလည်း သူ့အနေနဲ့  လုံလုံခြုံခြုံကျန်းကျန်းမာမာရှိနေတယ်လို့ အဲ့ဒီရုပ်သံဖိုင်ထဲမှာပြောထားပါတယ်။

“တိုက်ပွဲတွေဖြစ်ပြီး လက်နက်ကြီးတွေအများကြီးကျတဲ့အတွက် ပြည်သူ့ရဲဘော်အဖွဲ့လို့ပြောတဲ့ လူတွေက ကျွန်တော်တို့ကိုလာရောက်ခေါ်ဆောင်ပါတယ်”လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)တို့က ထုတ်ပြန်ထဲ ရုပ်သံထဲမှာ ပါမောက္ခချုပ်ဦးအောင်ခင်မြင့်ကပြောထားပါတယ်။

ဒါ့အပြင် လွိုင်ကော်တက္ကသိုလ်က ဒဿနိကဗေဒကထိက ဒေါ်ခင်လှဌေးနဲ့ မြန်မာစာဌာနလက်ထောက်ကထိက ဦးဝေလင်းစိုးတို့ကလည်း သူတို့အပါအဝင် ဝန်ထမ်းတွေနဲ့မိသားစုဝင်တွေအားလုံး ကျန်းမာရေးကောင်းမွန်ပြီး လုံလုံခြုံခြုံရှိနေတယ်လို့ ရုပ်သံထဲမှာပြောဆိုထားပါတယ်။

လွိုင်ကော်တက္ကသိုလ်တိုက်ပွဲအတွင်း ကရင်နီတပ်ဖွဲ့တွေက ကယ်ထုတ်ခဲ့ရတယ်လို့ ထုတ်ပြန်ပြောဆိုထားတဲ့ ပါမောက္ခချုပ် ဦးအောင်ခင်မြင့်အပါအဝင် ဆရာ၊ ဆရာမတွေနဲ့ မိသားစုဝင် စုစုပေါင်း ၂၀၄ ဦးရဲ့ အမည်စာရင်းတွေကိုလည်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) တို့က ဒီကနေ ထုတ်ပြန်ထားပါတယ်။ 

“ကျွန်တော်တို့ ဖမ်းလာတာမဟုတ်ပါဘူး၊ အသက်အန္တရာယ်ရှိနေလို့ သူတို့ကိုကျွန်တော်တို့ ကယ်ထုတ်လာတာဖြစ်တယ်၊ လုံလုံခြုံခြုံနဲ့ သူတို့ ရှိနေပါတယ်” လို့ KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

လွိုင်ကော်တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တစ်လေးလုံး စစ်ဆင်ရေးအဖြစ် KNDF က အခုလ ၁၃ ရက်နေ့မှာ ထိုးစစ်ဆင်တိုက်ခိုက်လို့ တိုက်ပွဲ ဖြစ်ခဲ့ပြီး အဲဒီတက္ကသိုလ်ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေလည်း တက္ကသိုလ်ထဲ ပိတ်မိနေခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီက လွိုင်ကော်တက္ကသိုလ်ထဲကို လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်တာတွေ လုပ်ခဲ့လို့ ပစ်ခတ်မှု အနည်းငယ်လျော့နည်းလာချိန်မှပဲ အဲဒီဝန်ထမ်းနဲ့ မိသားစုဝင်တွေကို ဘေးလွတ်ရာ အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရတာလို့ KNDF ဘက်က ပြောပါတယ်။ 

အဲ့ဒီဝန်ထမ်းနဲ့မိသားစုဝင်တွေက တိုက်ပွဲဖြစ်နေချိန်မှာ စစ်ကောင်စီက ကယ်မထုတ်ပေးဘဲ စွန့်ပစ်ထားခဲ့တယ်လို့ ကရင်နီတော်လှန်ရေးအင်အားစုတွေက ပြောပေမယ့် စစ်ကောင်စီကတော့တက္ကသိုလ်ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို ကရင်နီတပ်တွေက ဖမ်းခေါ် သွားတာလို့ စွပ်စွဲထားတာပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၅၀ လောက်နဲ့ တပ်စွဲထားတဲ့ လွိုင်ကော်တက္ကသိုလ်ကို KNDF က အခုနိုဝင်ဘာလ ၁၄ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁၀ ကျော် သေဆုံးခဲ့တဲ့အပြင် ၃၂ ဦး လက်နက်ချ အညံ့ခံတယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ အဲဒီ လွိုင်ကော်တက္ကသိုလ် ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) က စောင့်ရှောက်ထားပြီး မိသားစုနဲ့ အမြန်ဆုံး ပြန်လည်တွေ့ဆုံနိုင်ဖို့လည်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ 

“IEC ကနေပြီးတော့ ဆက်ကိုင်တွယ်သွားမှာဖြစ်ပါတယ်၊ သူတို့ကို ဘယ်လို ဆက်ပြီးတော့ ကူညီဆောင်ရွက်မလဲဆိုတာ IEC က ဆက်လက်ထုတ်ပြန်ပါလိမ့်မယ်” လို့ အထက်ပါ KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။ 

ကရင်နီ(ကယား)ပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်မြို့မှာ ကရင်နီပူးပေါင်းတပ်တွေရဲ့ တစ်လေးလုံးစစ်ဆင်ရေးအဖြစ် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် အခုလ ၁၁ ရက်ကနေ လက်ရှိအချိန်ထိ မြို့အနှံ့ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။ 

စစ်ကောင်စီဘက်ကတော့ လွိုင်ကော်မြို့ကို ခြေလျင်စစ်ကူမပေးဘဲ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူပေးတာတွေသာ အဆက်မပြတ်ပြုလုပ်နေပြီး မြို့ခံ လေးသောင်းကျော်ကတော့ မြို့ကိုစွန့်ခွာ တိမ်းရှောင်သွားကြပြီဖြစ်ပါတယ်။