မြန်မာအချင်းချင်း လိမ်လည်ခံရလို့ ထိုင်းရောက်မြန်မာလုပ်သား သုံးဆယ်ကျော် ကျပ်သိန်း ငါးရာဝန်းကျင် နစ်နာ

နိုဝင်ဘာ၊ ၂၀

ထိုင်းနိုင်ငံထဲမှာ တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၃၂ဦးဟာ တဆင့်ခံ အလုပ်ရှင် မြန်မာနိုင်ငံသားက လုပ်ခလစာတွေမပေးဘဲ လိမ်လည်ထွက်ပြေးသွားလို့ လုပ်ခလစာနဲ့ အလုပ်ရဖို့အတွက် ကြိုတင်ပေးချေခဲ့ရတဲ့စရိတ်စုစုပေါင်း ဘတ်ခြောက်သိန်းဝန်းကျင်(ကျပ်သိန်းငါးရာဝန်းကျင်) နစ်နာခဲ့ရတယ်လို့ ကာယကံရှင်အလုပ်သမားတွေနဲ့ ကူညီပေးနေသူတွေကပြောပါတယ်။

ထိုင်းနိုင်ငံ မင်ဘူလီခရိုင်၊ စူဝန်ရပ်ကွက်ကPREMSAPKIT CONSTRUCTION ဆောက်လုပ်ရေးလုပ်ငန်းမှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ အဲ့ဒီမြန်မာအလုပ်သမားတွေဟာ အလုပ်ရဖို့အတွက် ပွဲစားခအဖြစ် တဦးဘတ် ၃၅၀၀နဲ့စုစုပေါင်း ဘတ်နှစ်သိန်းဝန်းကျင်ပေးခဲ့ရသလို တလကျော်ကြာ အလုပ်လုပ်ခဲ့ တာအတွက် လုပ်ခစုစုပေါင်း ဘတ်လေးသိန်းဝန်းကျင်လောက် ဆုံးရှုံးခဲ့ကြရတာလို့ဆိုပါတယ်။

“ကျွန်တော်တို့ကို ဟိုနေ့ပေးမယ်ပြောလိုက်၊ ဒီနေ့ပေးမယ် ပြောလိုက်နဲ့ နောက်တော့ ဖုန်းပါဆက်လို့မရတော့ဘူး၊ အဲ့ဒါနဲ့ WAG အဖွဲ့နဲ့ ဆက်သွယ်ပြီး ဆဝါဒီကန်ရုံးမှာသွားတိုင်တော့ အဲ့က စာရေးမက ကျွန်တော်တို့အလုပ်ရဲ့ ထိုင်းသူဌေးနာမည်သိရမှ တိုင်လို့ရမယ်ဆိုတော့ ကျွန်တော်တို့က တဆင့်ခံနဲ့ပဲ အလုပ်လုပ်ခဲ့ရတာဆိုတော့ သူဌေးနာမည်မသိလို့ လှည့်ပြန်ခဲ့ရတယ်”လို့ နစ်နာသူတွေထဲက တဦးဖြစ်တဲ့ ကိုရဲထက်အောင်ကပြောပါတယ်။

အဲ့ဒီ့မြန်မာအလုပ်သမား ၃၂ဦးဟာ ပဲခူးတိုင်းဒေသခံတွေဖြစ်ပြီးကြက်ရုံမှာ အလုပ်လုပ်ရမ ယ်ဆိုတာ ကြောင့်တဦးကို မြန်မာငွေ ကျပ် ၂၃သိန်းနီးပါးကုန်ကျခံကာ ထိုင်းနိုင်ငံမဲဆောက်ကနေတဆင့် ပတ်ချဘွန်းခရိုင်ကိုအခုနှစ် မတ်လ ၂၉ရက်က သွားခဲ့ကြတာလို့ သိရပါတယ်။

ဒါပေမယ့် ပွဲစားက အလုပ်ရမယ်လို့ ကတိပြုထားတဲ့ ကြက်ရုံမှာ အလုပ်မရခဲ့သလို အဲ့ဒီပွဲစားကပဲ နောက်ထပ် ချိတ်ဆက်ပေးတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာလည်း တဆင့်ခံ အလုပ်ရှင် မြန်မာလူမျိုးတဦးက လုပ်ခတွေမပေးဘဲ ထွက်ပြေးသွားတာလို့ဆိုပါတယ်။

အဲ့ဒီ့နောက် စက်တင်ဘာ ၂၆ရက်ကနေ စလို့  မင်ဘူလီခရိုင် စူဝန်ရပ်ကွက်၊ စန်စက် ၃၂လမ်းမှာရှိတဲ့ PREMSAPKIT CONSTRUCTION ဆောက်လုပ်ရေးမှာ အမျိုးသားတွေက တနေ့လုပ်ခ ဘတ် ၃၈၀၊အမျိုးသမီးတွေက ဘတ် ၃၅၀နဲ့ အလုပ်ဝင်ခဲ့ကြတာလို့ နစ်နာသူ အလုပ်သမားတွေကရှင်းပြပါတယ်။

အလုပ်စဝင်ပြီးနောက်၃၆ရက်အကြာမှာတော့ မြန်မာလူမျိုး တဆင့်ခံအလုပ်ရှင်က လုပ်ခရှင်းမပေးဘဲ ထွက်ပြေးသွားသလို ထိုင်းနိုင်ငံသား အလုပ်ရှင်ဟာ ဘယ်သူဆိုတာကိုလည်းမသိတာကြောင့် လက်ရှိမှာအခက်တွေ့နေကြတယ်လို့ ကိုရဲထက်အောင်ကပြောပါတယ်။

“အဆင်မပြေလို့ ဒီကိုလာခဲ့ကြတာပဲ၊အကြွေးကတော့ ယူရတာပေါ့၊သုံးလပိုင်းထဲကလာတာဆိုတော့ အခုဆိုအတိုးပေါ်အတိုးဆင့်ပဲ၊အလုပ်ကလည်းရေရေရာရာမလုပ်ရဘူး၊ အလုပ်ရတော့လည်း ပိုက်ဆံ အလိမ်ခံရတယ် “ လို့ သူကပြောပါတယ်။

အခုလို လိမ်လည်ခံရတဲ့ မြန်မာလုပ်သားတွေဟာ အရင်က တောင်ယာလုပ်ကိုင်ကြသူတွေဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်ကိုင်အဆင်မပြေတာကြောင့် ထိုင်းနိုင်ငံကို အလုပ်လုပ် ဖို့ရောက်လာခဲ့ကြတာဖြစ်ပေမယ့် အခုလို အဆင်မပြေမှုတွေကြုံတွေ့နေရတာပါ။

အဲ့ဒီ့ တရားမဝင် မြန်မာလုပ်သား ၃၂ဦးအတွက် တရားမျှတမှုရရေး ကူညီဆောင်ရွက်ပေးခဲ့ပေမယ့် PREMSAPKIT CONSTRUCTION ဆောက်လုပ်ရေး ကုမ္ပဏီမှာ တရားဝင်အလုပ်သမားအနေနဲ့ လုပ်ကိုင်နေကြတာမဟုတ်လို့ အခက်အခဲရှိနေတယ်လို့  WAG မြန်မာအလုပ်သမားရေး ကူညီဆောင်ရွက်သူများအဖွဲ့ တာဝန်ရှိသူ ကိုမုန်တိုင်းကပြောပါတယ်။

“သူတို့က ပက်ချဘွန်းကလာတဲ့ Name List (ထိုင်းနိုင်ငံရဲ့တရားဝင်အလုပ်သမားဖြစ်ရန် လျောက်ထားနေသော နာမည်စာရင်း)တွေကိုကိုင်ထားတာဆိုတော့ အခုလုပ်တဲ့အလုပ်က မွန်ဘူရီမှာ၊ တဆင့်ခံသူဌေးကလည်း ငွေလိမ်ပြီးပြေးသွားတယ်၊ သွားတိုင်တော့လည်း နယ်မတူတာကြောင့် အဖမ်းခံရနိုင်တဲ့ အနေအထားဆိုတော့လည်း၊ ပိုက်ဆံ အဆုံးခံရမယ့်အနေထားဖြစ်နေတာ”လို့သူကရှင်းပြပါတယ်။ 

၂၀၂၁ခုနှစ် အာဏာသိမ်းဖြစ်ရပ်အပြီး ပြည်တွင်း နိုင်ငံရေးအခြေအနေတွေနဲ့ အလုပ်အကိုင်အ ခွင့်အလမ်းရှားပါးလာမှုတွေကြောင့် ထိုင်းနိုင်ငံကို နည်းလမ်းအမျိုးနဲ့သွားရောက်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသား  သန်းနဲ့ချီရှိလာပါတယ်။

ဒါပေမယ့် အဲ့ဒီလိုသွားရောက်လုပ်ကိုင်ကြရာမှာ အစိုးရချင်းလက်မှတ်ရေးထိုးပြီး MoU စနစ်နဲ့စေလွှတ်တဲ့ တ ရားဝင်အလုပ်သမားတွေအပါအဝင် အများအပြားဟာ အခုလို လိမ်လည်ခံရတာ၊လုပ်ခလစာ မရတာ ၊အလုပ်မရတာ၊မူလသဘောတူထားတဲ့ လုပ်ငန်းခွင်မှာ အလုပ်မရတာ စတဲ့အခြေအနေတွေနဲ့ ကြုံနေကြရပါတယ်။