အင်းတော်မှာ လေကြောင်းကပစ်လို့ အမျိုးသမီးတဦး သေဆုံး၊ မိသားစုဝင် နှစ်ဦး ဒဏ်ရာရ

နိုဝင်ဘာ၊ ၂၀
 
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ နိုဝင်ဘာလ ၁၉ ရက်မနေ့က စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လေကြောင်းကနေ ဗုံးကြဲခဲ့လို့ အမျိုးသမီးတဦး သေဆုံးခဲ့ပြီး အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူနဲ့ မောင်ဖြစ်သူတို့ နှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
 
“ တိုက်ပွဲမဖြစ်ဘဲ လာပစ်သွားတာဗျ။ ဈေးဆိုင်ခန်းတွေလည်း မီးလောင်သွားတယ် ” လို့ လုံခြုုံရေးအရ အမည်မဖော်လိုသူ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် လေးဆယ်ကျော်အရွယ် ဒေါ်သန်းသန်းမော် သေဆုံးခဲ့ပြီး ၎င်းရဲ့အမျိုးသားဖြစ်သူ ဦးမောင်စိုး နဲ့ မောင်ဖြစ်သူ ဦးနေအောင် တို့လည်း ဒဏ်ရာရရှိခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
 
အင်းတော်မြို့နဲ့ ခြောက်မိုင်ခန့်သာဝေးတဲ့ မန္တလေး-မြစ်ကြီးနား ကားလမ်းပေါ်က နဘားလမ်းဆုံ မှာရှိတဲ့ စော်မော်ချောင်းကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးခြောက်လုံးချ တိုက်ခိုက်ခဲ့တဲ့အတွက် အခုလို သေဆုံးဒဏ်ရာရကြတာပါ။
 
အဲဒီလို လေကြောင်းကနေ တိုက်ခိုက်ပြီးနောက် အင်းတော်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ စော်မော်ချောင်းဘက်က လက်နက်ကြီးနဲ့ တနာရီကျော်ကြာ ပစ်ခတ်ခဲ့ပေမယ့် အထိအခိုက်အပျက်အစီး မသိရသေးပါဘူး။
 
စော်မော်ချောင်းဟာ စားသောက်ဆိုင်၊ ကုန်စိမ်းဆိုင်နဲ့ ဈေးဆိုင်ခန်းတချို့ ရှိပြီး ခရီးသွားတွေ ညအိပ်တည်းခိုတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။
 
ဒီနေ့မှာတော့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူကာကွယ်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားနေပြီး ဒီနေ့ မနက် ၁၁ နာရီခန့်မှာ စစ်ကောင်စီတပ်က စော်မော်ချောင်းဘက်ကို တိုက်လေယာဉ်နဲ့ ဗုံးသီးနှစ်လုံးချ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပြီး ထိခိုက်မှုကိုတော့ အသေးစိတ်အတည်ပြုလို့ မရသေးပါဘူး။
 
လက်ရှိတိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်နေရပါတယ်။
 
ဒါ့အပြင် အင်းတော်-မိုးညှင်း လမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သွားလာခွင့်ပိတ်ထားလို့ အင်းတော်မြို့နယ် အတွင်းမှာရှိတဲ့ ခရီးသည်တင်ကား ရာနဲ့ချီ ပိတ်မိနေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
 
စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ဒီနှစ်သြဂုတ်လအထိ လေကြောင်းတိုက်ခိုက်မှုပေါင်း ၉၀၂ ကြိမ်မှာ အရပ်သား ၆၈၇ ဦး သေဆုံးပြီး ၄၅၈ ဦး ဒဏ်ရာရရှိတယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – CJ