မတ္တရာမှာ နှစ်ရက်အတွင်း ဒေသခံ နှစ်ဆယ်နီးပါး သတ်ဖြတ်ခံရ

နိုဝင်ဘာ၊ ၁၉
 
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနီးတဝိုက်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်လက်ချက်နဲ့ စစ်ရှောင်တွေအပါအဝင် အရပ်သား ၁၉ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
 
မတ္တရာ မြို့နယ်နဲ့ ပုသိမ်ကြီး မြို့နယ်အစပ်က သရက်ကိုင်းရွာကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၁၇ ရက်က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး စစ်ကြောင်းနဲ့တိုးတဲ့ ဒေသခံအမျိုးသား ခြောက်ဦးကို ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
 
“ ဒေသခံတွေပါ။ သူတို့က သတ်ချင်တိုင်းသတ်နေတာ။ ကလေးတွေ စာသင်ကျောင်းတွေတောင် ဗုံးကြဲနေသေးတာပဲ “ လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
 
သေဆုံးခဲ့သူတွေဟာ သရက်ကိုင်းရွာက ညီကိုရင်းသုံးဦးနဲ့ တခြားစစ်ရှောင် ရွာသား သုံးဦး ဖြစ်တယ်လို့ သိရပြီး ၎င်းတို့ရဲ့ ရုပ်အလောင်းတွေကိုတော့ သရက်ကိုင်း ရွာအနီးက အယ်လ်ဖာဘိလပ်မြေ စက်ရုံအနီးမှာ မနေ့က နိုဝင်ဘာ ၁၈ ရက်မှာ တွေ့ရှိခဲ့ပြီးနောက် သဂြိုလ်လိုက်ပြီလို့ သိရပါတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်က မတ္တရာမြို့နယ်နဲ့ စဥ့်ကူးမြို့နယ်အစပ် ပတ်လည်အင်းရွာထိပ်၊ မန္တလေး-မိုးကုတ် ကားလမ်းပေါ်က စစ်ကောင်စီအထိုင်ချ ဂိတ်တခုကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။
 
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အထိနာခဲ့ပြီးနောက် အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေးတပ် စစ်ကူရောက်လာခဲ့ပြီး အဲဒီစစ်ကူလာတဲ့ စစ်ကြောင်းဟာ မတ္တရာ၊ ဆည်တော်လမ်းခွဲ နားက အောင်ကန်သာ ကျေးရွာ အ‌ရောက်မှာ လက်ဘက်ရည်ဆိုင်ထိုင်နေတဲ့ ဒေသခံ အမျိုးသား ၁၃ ဦးကို သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
 
“ ဟိုနေ့ကလည်း လက်ဖက်ရည်ဆိုင်မှာရှိတဲ့လူ အကုန်သတ်သွားတာ။ မျက်လုံး အဝတ်စည်း မှောက်ခိုင်းပြီး ပစ်သွားတာ “ လို့ နောက်ထပ် ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
 
မတ္တရာနယ် အရှေ့ခြမ်း ကင်းရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ကာကွယ်ရေးတပ်တွေကြား နိုဝင်ဘာ ၁၃ ရက်ကနေ ၁၅ ရက်အထိ သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသေဆုံးမှုတွေ ရှိခဲ့တယ်လို့ Mandalay PDF က ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် မတ္တရာမြို့နယ်မှာ ပြီးခဲ့ရက်ပိုင်းကစပြီး လက်ရှိချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ကူပေးနေသလို စစ်ကြောင်းနဲ့တိုးတဲ့ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ငွေညှစ်တာတွေလည်း လုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
လက်ရှိမှာတော့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မတ္တရာမြို့နယ်ထဲမှာရှိတဲ့ ထောင်နဲ့ချီတဲ့ ဒေသခံတွေ ရေရှည်စစ်ရှောင်နေရပြီး အစားအသောက်၊ အနွေးထည်၊ စောင်အပါအဝင် အကူညီတွေ လိုအပ်နေတာပါ။
 
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စစ်တပ်အာဏာသိမ်းတဲ့ အချိန်ကနေ ဒီလ ၁၇ ရက်အထိ စစ်တပ်လက်ချက်နဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူပေါင်း ၄,၁၉၀ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – AFP (ပုံဟောင်း)