တောင်ငူ ခလရ ၃၉တပ်ရင်းမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်၊ကလေးတဦးအပါအဝင် အရပ်သားနှစ်ဦးထက် မနည်းသေဆုံး

နိုဝင်ဘာ၊ ၁၈

ပဲခူးတိုင်း၊ တောင်ငူမြို့နယ် လေးမိုင်ရွာအနီးက စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၃၉)မှာ ဒီက နေ့ညနေ ပိုင်းအထိ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲအတွင်းရွာထဲလက်နက်ကြီးကျလို့ ညောင်ပင်လှရွာက ကလေးတဦးအပါအဝင် အရပ်သားနှစ်ဦးထက်မနည်းသေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့တော်လှန်ရေးအင်အား စုတွေကပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ရင်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေက မနေ့ကညပိုင်းမှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီးတွေသုံးပြီး ခုခံနေတယ်လို့ ဆိုပါတယ်။

“စခန်းတော့ မရသေးဘူး၊ တိုက်ပွဲက ဖြစ်နေတာ၊ သူတို့ဘက်က အပြင်းအထန်ကို ခုခံနေ တဲ့အခြေအနေပေါ့၊ အသေးစိတ်တော့ ပြောခွင့်မရှိပါဘူး” လို့ တိုက်ပွဲအခြေအနေကို သိပြီး အမည်မဖော် လိုတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက DNAကို  အခုညနေပိုင်းမှာပြောပါတယ်။

စစ်ကောင်စီတပ်ရင်းကို စတင်တိုက်ခိုက်ပြီးနောက် နာရီဝက်အတွင်းမှာပဲ စစ်ကောင်စီက လေကြောင်း ကနေပစ်ကူပေးခဲ့တဲ့အပြင်တောင်ငူ ငါးမိုင်နဲ့ ခလရ ၃၉ တပ်ရင်းတို့ကနေ လက်နက်ကြီးနဲ့ လည်းတုံ့ပြန် ပစ်ခတ် မှုတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။ 

ဒီကနေ့မှာလည်း မနက်အစောပိုင်းကတည်း နှစ်ဖက်တိုက်ပွဲဆက်ဖြစ်နေသလိုလေယာဉ်တွေလည်း ပျံဝဲ နေတယ်လို့  လေးမိုင်ရွာအနီးတဝိုက်က ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း ခလရ – ၃၉ တပ်ရင်းအနီးက ညောင်ပင်လှရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ကလေးတဦးအပါအဝင် ရွာခံနှစ်ဦးထက်မနည်းသေဆုံးသွားတယ်လို့ ဆိုပါတယ်။

“လူကြီးလည်း တယောက်ပါတယ်၊ တခြားရွာတွေဘက်မှာလည်း ဒဏ်ရာရတာ ရှိသေးတယ်၊ သေနတ်ပစ်သံတွေက ညကတည်းက ကြားနေရ တာ၊ လက်နက်ကြီးကျသံလည်းကြားရတယ်” လို့ အဲဒီဒေသခံအမျိုးသမီးက ပြောပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားထိခိုက်သေဆုံးမှုအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်တော့မသိရသေးပါဘူး။

။လက်ရှိတိုက်ပွဲဖြစ်နေတဲ့နေရာဟာ တောင်ငူမြို့နဲ့ လေးမိုင်အကွာ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သံတောင်မြို့နဲ့ ကိုးမိုင်နီးပါးအကွာ မြို့နှစ်မြို့ကြားမှာရှိတာဖြစ်ပြီး တိုက်ပွဲဖြစ်တဲ့နေရာအနီးမှာ ကျောက်ထုတ်လုပ်ကွက်တွေလည်းရှိပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် တိုက်ပွဲဖြစ်တဲ့နေရာ အနီးဝန်းကျင်ကျေးရွာတွေနဲ့ စစ်တောင်းမြစ်ကမ်း တလျှောက်ကျေးရွာတွေကဒေသခံရာချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

အဲ့ဒီတိုက်ပွဲနဲ့ပတ်သက်လို့ ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက သူတို့ဆီသတင်းမရောက်သေးတာကြောင့် မပြောနိုင်သေးဘူးလို့ ပြောသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။