နိုဝင်ဘာ၊ ၁၈
မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်အစပ် ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာက အတ္ထရံတံ တားတိုက်ခိုက်ဖျက်ဆီးခံရပြီးနောက် တိုက်ပွဲ အတွင်း ထိခိုက်ဒဏ်ရာ ရသူနဲ့ ပုံမှန်မြို့တက်ဆေးကုသရသူတွေ အခက်အခဲဖြစ်နေတယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေကပြောပါတယ်။
“နီးစပ်ရာတော့ ပို့ထားရတယ်၊ အသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေနဲ့ ပုံမှန်ဆေးခန်းဆေးရုံပြရမယ့်လူတွေက တော်တော်ဒုက္ခ ရောက်နေတယ်” လို့ ချောင်းနှစ်ခွလူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
ချောင်းနှစ်ခွတံတားဟာ သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ကာ အရှည်(၅၈၄)ပေ၊ အကျယ် ၂၄ ပေရှိပြီး မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ တံတားတစင်းဖြစ်သလို ကြာအင်းဆိပ်ကြီးနဲ့ ထိုင်းနယ်စပ် မြဝတီ၊ ဘုရားသုံးဆူမြို့တို့ကို သွားလာရာမှာ အဓိက အသုံးပြုနေရတဲ့ တံတားတစင်း ဖြစ်ပါတယ်။
ဒါအပြင် မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီးလမ်းပိုင်းနဲ့ မုဒုံ-ချောင်းနှစ်ခွ-တံခွန်တိုင်လမ်းက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်ဘက်နဲ့ မွန်ပြည်နယ် မုဒုံမြို့ဘက်ကို သွားတဲ့လမ်းပိုင်းတွေကိုဆက်သွယ်ထားတဲ့ တံတားလည်းဖြစ်ပါတယ်။
ဒီတံတားကို မနေ့ကညနေပိုင်းမှာ တိုက်ခိုက်ခံရတာကြောင့်ပြိုကျ ပျက်စီး သွားပြီး လုံးဝဖြတ်သန်းသွားလာလို့ မရတော့တဲ့အထိ ဖြစ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေကတော့ အဲ့ဒီတံတားကို KNU နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဖောက်ခွဲဖျက်ဆီးလိုက်တာလို့ စွပ်စွဲဖော်ပြကြသလို ဒေသခံတွေကလည်း တော်လှန်ရေး အင်အားစုတွေဘက်က လုပ်တာလို့ ယူဆကြပါတယ်။
ဒါပေမယ့် ချောင်းနှစ်ခွ ဒေသတဝိုက် တိုက်ပွဲတွေမှာပါဝင်နေတဲ့ Galon Column – ဂဠုန်စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံကတော့ တော်လှန်ရေးအင်အားစုတွေဘက်က လုပ်တာ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
“စစ်ကောင်စီရဲ့ လေယာဉ်တိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးသွားတာပါ” လို့ သူကဆိုပါတယ်။
လက်ရှိမှာ တံတားပြိုကျပျက်စီးသွားတဲ့အတွက် အတ္ထံမြစ်ကူး(စံပယ်ဂူ)တံတားဘက်ကနေ ဖြတ်သန်းသွားလို့ ရပေမယ့် အဲဒီလမ်းကြောတလျှောက်မှာလည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာကြောင့် အခက်တွေ့နေတယ်လို့ ဒေသခံတွေကပြောပါတဘ်။
“ တိုက်ပွဲက ခုထိ ရက်ဆက်ဖြစ်နေတာ၊ တခြားလမ်းအသေးလေး တွေတော့ရှိတယ်၊ လမ်းက တော်တော်ကို မကောင်းတာရယ်၊ နောက်ဒီနားတဝိုက်က တိုက်ပွဲဖြစ်နေတာ၊ လက်နက်ကြီး၊ လေကြောင်းကနေ နေ့တိုင်းပစ်နေတာ၊ ဘယ်လိုမှ ထွက်လို့ မရဘူးဖြစ်နေတယ်” လို့ချောင်းနှစ်ခွဒေသခံ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။
လက်ရှိ မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီးနဲ့ မုဒုံ-ချောင်းနှစ်ခွ-တံခွန်တိုင်လမ်းပိုင်းတို့အပြင် ကျေးရွာ ချင်းဆက်လမ်းပိုင်းတွေကို စစ်ကောင်စီဘက်ကဘယ်လိုအကြောင်းပြချက်နဲ့မှ ဖြတ်သန်းသွားလာခွင့်မ ပေးထားဘူးလို့ ဆိုပါတယ်။
ဒီလိုမျိုးနှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေတာကြောင့် ချောင်းနှစ်ခွ၊ ပေါလော၊ ကော့စပ်၊ သရက်ကုန်း၊ ကျောက်ကွဲ ကျေးရွာတွေ အပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာဆယ်ရွာခန့်မှ ဒေသခံပြည်သူ ငါးထောင်နီးပါးက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရပြီး တချို့က တခြားမြို့နယ်တွေဘက်ကို ပြောင်းရွေ့သွားကြတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ဒါအပြင် နှစ်ဖက်တိုက်ပွဲက ရှစ်ရက်မြောက်ရှိလာပြီဖြစ်တဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ပြည်သူတွေ စားဝတ်နေရေး အခက်အခဲရှိလာကြသလို လမ်းပိုင်းတချို့ ပိတ်ထားတဲ့အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးဝယ်ဖို့လည်း အခက်အခဲ ရှိလာတယ်လို့ ဆိုပါတယ်။
ထွက်ပြေးတိမ်းရှောင်လာကြသူတွေထဲမှာ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါသည်တွေ အများဆုံးပါဝင်ပြီး အဲဒီထဲက လက်နက်ကြီးထိမှန်ဒဏ်ရာ ရရှိထားတဲ့သူ ဆယ်ဦးခန့်ရှိကာ တချို့က အသက်အန္တရာယ်စိုးရိမ်တဲ့အတွက် မြို့တက်ဆေးကုသမှုရရှိမှသာ အဆင်ပြေမယ်လို့ ဆိုပါတယ်။
ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာ နယ်မြေရဲစခန်းနဲ့ ချောင်းနှစ်ခွအတ္ထရံတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက် နံနက်အစောပိုင်းမှာ သွားရောက်တိုက်ခိုက်ခဲ့ပြီး လေးရက်ကြာ နိုဝင်ဘာလ ၁၃ ရက်မှာ အဲဒီစခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒါအပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူးအဆင့်ရှိသူတွေအပါအဝင် ၂၂ ဦးသေဆုံးကာ ၂၈ ဦး လက်နက်ချ အညံ့ခံ ခဲ့ပြီး ပူးပေါင်းတပ်မှ ရဲဘော်သုံးဦးကျဆုံးခဲ့တယ်လို့ အထူးစစ်ဆင်ရေးအဖွဲ့ SOF က ထုတ်ပြန်ထားပါတယ်။
လက်ရှိ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က မြေပြင်ဝေဟင်ကနေ အပြင်းအထန်စစ်ကြောင်းထိုး တိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေတဲ့ အမည်မဖော်လိုတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“ တိုက်ပွဲက မရပ်သေးဘူး၊ ဖြစ်နေတုန်းပဲ၊ သူတို့က လေကြောင်းနဲ့ လက်နက်ကြီး အဓိက ပစ်တာပေါ့၊ စခန်းကိုတော့ သိမ်းထား နိုင်တုန်းပဲ ပြောလို့ရတယ်၊ မြေပြင်ကနေ ထိုးစစ်ကတော့ နည်းသွားတယ်” လို့ သူကပြောပါတယ်။