မြို့ကို စွန့်ခွာတိမ်းရှောင်သွားတဲ့ လွိုင်ကော်မြို့ခံ လေးသောင်းကျော်အထိ ရှိလာ

နိုဝင်ဘာ ၁၇
 
ကရင်နီပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေး ခုနစ်ရက်ဆက်တိုက်ရှိလာပြီဖြစ်တဲ့ လွိုင်ကော်မြို့မှာ မြို့ကိုစွန့်ခွာပြီး ဘေးလွတ်ရာ တိမ်းရှောင်သွားကြတဲ့ မြို့ခံ လေးသောင်းကျော်အထိ ရှိပြီလို့ ကရင်နီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI)ထံက သိရပါတယ်။
 
” စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်တယ်။ လေယာဉ်နဲ့ လာကြဲတဲ့ အခြေအနေမျိုးတွေ ရှိတော့ မြို့ထဲမှာက ဆက်နေဖို့ လုံးဝအဆင်မပြေတော့တာ ” လို့ မြို့ခံတွေကို ကယ်ဆယ်ရေး လုပ်ပေးနေတဲ့ KHAI တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
၂၀၁၄ သန်းခေါင်စာရင်းအရ လွိုင်ကော်မြို့ရဲ့ စုစုပေါင်းလူဦးရေဟာ ငါးသောင်းကျော်ရှိတာကြောင့် အခုလို တိမ်းရှောင်သွားကြသူဦးရေဟာ မြို့ခံလူဦးရေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကျော် ရှိပြီလို့သိရပါတယ်။
 
တဖက်မှာလည်း လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် မြို့ပြင်ထွက်မရဘဲ ပိတ်မိနေတဲ့သူတွေလည်း အများအပြား ရှိနေတယ်လို့ သိရပါတယ်။
 
” သွားပြီးလို့ ကယ်ဆယ်လို့မရဘူး။ တိုက်ပွဲလည်း နီးတယ်။ ထွက်မယ်ဆိုရင် စစ်ကောင်စီတပ်က လိုက်ပစ်တာမျိုးတွေ ရှိတယ်ပေါ့နော်။ တချို့ကလည်း မထွက်ချင်ကြတာမျိုးတွေလည်း ရှိတယ် ” လို့ အထက်ပါ KHAI တာဝန်ရှိသူက ပြောပါတယ်။
 
ကရင်နီ (ကယား)ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမြို့တော် လွိုင်ကော်မြို့ရှိ စစ်ကောင်စီတပ်တွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အပါအဝင် ကရင်နီပူးပေါင်းတပ်တွေက တစ်လေးလုံး (၁၁.၁၁) စစ်ဆင်ရေးအဖြစ် ဒီလ ၁၁ ရက်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိအချိန်ထိ မြို့တွင်းတိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပါတယ်။
 
ကရင်နီပူးပေါင်းတပ် တာဝန်ရှိသူတွေကလည်း မြို့တွင်းတိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တာကြောင့် မြို့ခံတွေ ဘေးလွတ်ရာ အမြန်ဆုံးတိမ်းရှောင်ကြဖို့ မကြာခဏ သတိပေးပြောဆိုနေကြပါတယ်။
 
” စစ်ဆင်ရေးတွေ လုပ်နေတာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ လုံခြုံတဲ့နေရာမှာပဲ နေဖို့ ပြောချင်ပါတယ် ” လို့ KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
လက်ရှိမှာတော့ တိုက်ပွဲပြင်းထန်နေတဲ့ လွိုင်ကော်မြို့အတွင်း ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေရဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။
 
” အခက်အခဲက ကယ်ဆယ်ရေး လုပ်နေတဲ့အချိန်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ပစ်တယ်။ လက်နက်ကြီးနဲ့ လှမ်းထုတယ်။ အဲ့လိုကျတော့ ကယ်ဆယ်ရေးကို ယာယီရပ်တန့်ရတာမျိုးတွေ ရှိတာပေါ့ ” လို့လည်း အထက်ပါ KHAI တာဝန်ရှိသူက ပြောပါတယ်။
 
ဒါ့အပြင် လွိုင်ကော်မြို့တွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က လူနေရပ်ကွက်တွေအထဲထိပါ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်နေတာကြောင့် ခြောက်ရက်အတွင်း သေဆုံးသူအရပ်သားလည်း ငါးဆယ်ဝန်းကျင်အထိ ရှိလာနေပြီဖြစ်ပါတယ်။
 
မြန်မာနိုင်ငံမှာ ပြည်တွင်းနေရပ်စွန့်ခွာရသူပေါင်း ၁ ဒဿမ ၉ သန်းကျော်အနက် ၁ဒဿမ ၆ သန်းနီးပါးဟာ အာဏာသိမ်းပြီးနောက် ပြည်တွင်းပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့်ဖြစ်တယ်လို့ ကုလအဖွဲ့အစည်းဖြစ်တဲ့ (OCHA-Myanmar) က ထုတ်ပြန်ထားပါတယ်။
 
မြောက်ပိုင်း ညီနောင်မဟာမိတ်တွေရဲ့ ထိုးစစ်ကြောင့် ရှမ်းမြောက်အပါအဝင် မကြာသေးခင်က ရခိုင်စတဲ့ ဒေသတွေမှာ တကျောပြန် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်ပေါင်း နှစ်သိန်းကျော် ထပ်တိုးလာတယ်လို့ ဆိုပါတယ်။
 
ဓာတ်ပုံ – KHAI