စစ်ရေးအခြေမလှဖြစ်နေတဲ့စစ်ကောင်စီ ဥပ္ပါတသန္တိစေတီတော်ကို ရွှေသင်္ကန်းပိဿာလေးဆယ်နီးပါး ကပ်ဖို့အလှူခံနေ

နိုဝင်ဘာ၊ ၁၇
 
စစ်တပ်အသိုင်းအဝိုင်းမှာ “ဘုရားတကာကြီး” လို့ အထေ့အငေါ့ နာမည်ပေးခံရတဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဏာရှင်ဟောင်း ဦးသန်းရွှေ တည်ခဲ့တဲ့ နေပြည်တော်က ဥပ္ပါတသန္တိစေတီတော်ကို ရွှေသင်္ကန်းကပ်လှူပူဇော်ဖို့ ညွှန်ကြားလိုက်ပါတယ်။
 
ဥပ္ပါတသန္တိစေတီတော်ကို ရွှေစင်ကပ်လှူပူဇော်ရန် ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမှာ နိုဝင်ဘာလ ၁၅ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်အရ ပြုလုပ်ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ရွှေတိဂုံစေတီတော်ပုံစံတူ တည်ထားတဲ့ အဲဒီစေတီတော်ရဲ့ ပထမ ဖောင်းရစ် ဧရိယာ ၃၄၈၅ ဒဿမ ၇၈ စတုရန်းပေကို ရွှေစင်ရွှေပြား ကပ်လှူမှာ ဖြစ်တာကြောင့် ရွှေစင် စုစုပေါင်း ၃၇ ပိဿာ ၅၈ ကျပ်သား (ကျပ် ၁၃ဘီလီခွဲခန့်) ကုန်ကျမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
 
အဲဒီအတွက် အများပြည်သူ လှူဒါန်းနိုင်ဖို့ လိုအပ်တဲ့ ရွှေစင်ရွှေပြားနဲ့ အလှူငွေရရှိဖို့ သတင်းစာတွေ၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြားတို့ကနေ ကြေညာပြီး အလှူခံနိုင်ရေး စီစဉ်ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။
 
ရှမ်းမြောက်ဒေသမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထိုးစစ်ကို အပြင်းအထန် ခုခံနေရချိန်မှာပဲ တကျော့ပြန် ရခိုင်တိုက်ပွဲ၊ လွိုင်ကော်မြို့သိမ်းတိုက်ပွဲတို့အပါအဝင် ဒေသအနှံ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေ အခြေမလှ ဖြစ်နေချိန် အခုလို ဘုရားရွှေသင်္ကန်းကပ်ဖို့ ပြင်တာဟာ ယတြာချေတာလို့ ယူဆကြတာတွေလည်း ရှိနေပါတယ်။
 
” တနိုင်ငံလုံး သူ့ (မင်းအောင်လှိုင်)ကြောင့် ဆင်းရဲဒုက္ခတွေနော် ဖြစ်နေတဲ့ကိစ္စကို ဗုဒ္ဓမကြိုက်တာတွေ၊ ရွှေတွေ ကပ်ပြီးတော့ ယတြာချေတာဟေ့ဆိုတာ ဘုရားလည်း စော်ကားတာ၊ သံဃာလည်း စော်ကားတာ၊ တရားလည်း စော်ကားတာလို့ ဦးဇင်းတော့ မြင်ပါတယ် ” လို့ ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်) က မိန့်ကြားပါတယ်။
 
အတည်ပြုနိုင်တဲ့ အချက်အလက်တွေအရ အာဏာသိမ်းချိန်ကနေ လက်ရှိအထိ လူပေါင်း လေးထောင်ကျော်ဟာ စစ်ကောင်စီတပ်လက်ချက်နဲ့ သေဆုံးထားပြီး လူပေါင်း ၁ ဒဿမ ၆ သန်းကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရသလို အိမ်ခြေပေါင်း ၈၆, ၀၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးထားပါတယ်။
 
“ ယနေ့ထက်ထိလည်း ထောင်နဲ့သာင်းနဲ့ချီ ထောင်ထွေထဲ ရှိနေတယ်၊ စစ်ပြေးတာတွေလည်း သန်းနဲ့ချီ ရှိတယ် ” လို့ ဆရာတော်မင်းသုညက မိန့်ကြားပါတယ်။
 
CDM တပ်မတော်သားတချို့မှာလည်း ဆရာတော် မင်းပုညလို ရှုမြင်ချက်မျိုး ရှိနေကြပါတယ်။
 
စစ်ကောင်စီလက်အောက်ခံ တပ်တွေကို တော်လှန်ရေးအင်အားစုတွေက ထိုးစစ်နေလို့ အကျ အရှုံးများနေတာကြောင့် ဘုရားတရားလုပ်ရင် စစ်ပွဲတွေများ အောင်လာနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အခုလို ဘုရားကို ရွှေကပ်ဖို့ လုပ်ဆောင်နေတာလို့ CDM တပ်မတော်အရာရှိတချို့က သူတို့အမြင်ကို ပြောပါတယ်။
 
“ ဘာသာရေးကို အကြောင်းပြပြီး သူတို့ အကျိုးစီးပွားအတွက် အာဏာရှင်တွေ လုပ်လေ့လုပ်ထရှိတဲ့ လုပ်ရပ်တခုသာ ဖြစ်တယ်လို့ ကျွန်တော်ကတော့ ပြောချင်ပါတယ်။ သူတို့ကိုယ်တိုင်လည်း ခုချိန်မှာ ကူရာကယ်ရာ မဲ့နေတယ် ” လို့ CDM ဗိုလ်ကြီးလင်းထက်အောင်က သုံးသပ်ပါတယ်။
 
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေ ဖြစ်ပွားတာ၊ စီးပွားရေးတွေကျပ်တည်းနေချိန်မှာ ကမ္ဘာ့အကြီးဆုံးလို့ ပြောဆိုတဲ့ “မာရ်ငါးပါးကို အောင်မြင်တော်မူခြင်း” လို့ အဓိပ္ပာယ်ရတဲ့ မာရဝိဇယ ရုပ်ပွားတော် ကို တည်ထားခဲ့ပါသေးတယ်။
 
အဲဒီရုပ်ပွားတော်မြတ်ဟာလည်း စကျင်ကျောက်သားတန်ဖိုးမပါဘဲ အမေရိကန်ဒေါ်လာ သန်းသုံးဆယ်ကနေ သန်းလေးဆယ်အထိ ကုန်ကျတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
 
အဲဒီလို စေတီတည်ဆောက်ပြီး လက်ရှိမှာတော့ စစ်ကောင်စီက နေပြည်တော်မှာရှိတဲ့ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးကို ရွှေစင် ၃၈ ပိဿာ ကပ်လှူဖို့ ထပ်မံပြုလုပ်နေတာပါ။ ရွှေတိဂုံပုံတူ တည်ဆောက်ထားတဲ့ ဥပ္ပါတသန္တီစေတီဟာ “ဘေးဒုက္ခ ကပ်ဆိုးကြီးမှ အကာကွယ်ပေးခြင်း“ လို့ အဓိပ္ပာယ်ရပြီး အာဏာရှင်ဟောင်း ဦးသန်းရွှေက ၂၀၀၆ ခုနှစ်မှာ စတင် တည်ထားခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ ထီးတော်တင်လှူပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။
 
စစ်ကောင်စီအနေနဲ့ လက်ရှိ စစ်ရေးအရ ချောင်ပိတ်မိနေတဲ့ အနေအထား ဖြစ်တာကြောင့် သူတို့ရဲ့ မိသားစုဝင်တွေအပါအဝင် သူတို့စည်းစိမ်တွေကို ကာကွယ်ဖို့အတွက်နဲ့ တော်လှန်ရေးအင်အားစုတွေ နေပြည်တော်ကို ထိုးစစ်ဆင်မလာနိုင်အောင် အကာကွယ်ယူထားတဲ့ သဘောလို့ ယူဆသူတွေလည်း ရှိပါတယ်။
 
“ ဦးသန်းရွှေ တည်ခဲ့တဲ့ ရည်ရွယ်ချက်ကလည်း ဘုရားတည်ခဲ့တယ်ဆိုတဲ့ ရည်ရွယ်ချက်မဟုတ်ဘူး။ သူတို့ ကောင်းကောင်းမွန်မွန်နဲ့ ဒီနိုင်ငံရေးဇာတ်ခုံထဲက ဘယ်လိုခုန်ကူးမလဲဆိုတဲ့ အရာ ပါပါတယ် “ လို့ နိုင်ငံရေးအကျဉ်းသားဟောင်း လူငယ်ဗေဒင်ဆရာ လင်းညို့တာရာက မှတ်ချက်ပြုပါတယ်။