အိန္ဒိယဖက်ကို ထွက်ပြေးတဲ့ မြန်မာစစ်သား အရေအတွက် တိုးပွားလာ

နိုဝင်ဘာ၊ ၁၇

နယ်စပ်နားက စစ်စခန်းတွေကို တော်လှန်ရေး တပ်ဖွဲ့တွေ တိုက်ခိုက်ခြင်းကြောင့် အိန္ဒိယဖက်ကို ထွက်ပြေးတဲ့ မြန်မာစစ်သား အရေအတွက် ပိုတိုးလာနေတယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့က ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ကို တော်လှန်ရေး အင်အားစုတွေက ခုခံတိုက်ခိုက်တဲ့ စစ်ဆင်ရေး အစီအမံတွေ မြင့်တက်လာတဲ့နောက် အိန္ဒိယနဲ့ နယ်စပ် ထိစပ်နေရာ မြန်မာနိုင်ငံ အနောက်မြောက်ဖျား နယ်မြေတွေမှာလည်း စစ်စခန်းတွေ ပစ်မှတ်ထား တိုက်ခိုက် ခံနေရပါတယ်။

ချင်းကာကွယ်ရေး တပ်ဖွဲ့တွေဟာ စစ်ကောင်စီ စခန်းတွေကို တိုက်ခိုက်သိမ်းယူပြီး မြို့သိမ်းတိုက်ပွဲတွေပါ ဆင်နွှဲနေတယ်လို့ ကြေညာထားပါတယ်။

အခု သီတင်းပတ် အစောပိုင်းမှာ စစ်စခန်းတွေ တိုက်ခိုက်ခံရမှုကြောင့် မြန်မာစစ်သား ၄၃ ယောက်ဟာ အိန္ဒိယပိုင် မီဇိုရမ် ပြည်နယ်ထဲထိ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး အဲဒီထဲက ၃၉ ဦးကို အိန္ဒိယက မြန်မာစစ်တပ်ဆီ ပြန်လည် လွှဲပြောင်း ပို့ဆောင်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၆ ရက်မှာတော့ တော်လှန်ရေး အင်အားစုတွေရဲ့ တိုက်ခိုက်မှုကြောင့် နောက်ထပ် မြန်မာစစ်သား ၂၉ ဦးထက် မနည်းဟာ အိန္ဒိယ ပိုင်နက်ထဲ သေပြေးရှင်ပြေး အခြေအနေနဲ့ ဝင်ရောက်လာပြန်တယ်လို့ ဆိုပါတယ်။ အဲဒီ မြန်မာစစ်သားတွေကို အိန္ဒိယဖက်က ဘယ်လို ကိုင်တွယ်မလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဇော်မင်းထွန်းက မြန်မာ စစ်တပ်ဟာ တော်လှန်ရေး အင်အားစုတွေက ထင်ရှား သိသာတဲ့ ထိုးစစ်ဆင်မှုတွေ ကြုံနေရတယ်လို့ ဝန်ခံထားပါတယ်။ အကျိုးဆက် အနေနဲ့ မြန်မာစစ်အာဏာပိုင်တွေက အစိုးရ ဝန်ထမ်းတွေနဲ့ စစ်မှုထမ်းဟောင်းတွေကို အရေးပေါ် အခြေအနေတွေအတွက် ကြိုတင် ပြင်ဆင်ထားဖို့ပါ ညွှန်ကြားထားပါတယ်။

လတ်တလော ချင်းပြည်နယ်မှာ တိုက်ပွဲတွေ အရှိန်မြင့်တက်လာတာကြောင့် မကြာသေးခင် ရက်ပိုင်းတွေအတွင်း အိန္ဒိယဖက်ကို ခိုလှုံဝင်ရောက်လာတဲ့ စစ်ရှောင်ဦးရေကလည်း ထောင်နဲ့ချီ လျင်လျင်မြန်မြန် တိုးပွားလာနေတယ်လို့ သိရပါတယ်။

 

Ref: Reuters