ကျိုက်မရောမှာ တိုက်ပွဲတွေကြောင့် အခြေခံပညာကျောင်း သုံးဆယ်ဝန်းကျင် ပိတ်ထားရ

နိုဝင်ဘာ၊ ၁၆
 
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲကြောင့် ချောင်းနှစ်ခွရွာ အပါအဝင် အနီးဝန်းကျင် ဆယ်ရွာလောက်က အခြေခံပညာကျောင်း သုံးဆယ်ဝန်းကျင် ပိတ်ထားရတယ်လို့ ကျောင်းသားမိဘတွေနဲ့ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။
 
“ အစိုးရကျောင်းတွေပဲပေါ့၊ ကျောင်းပိတ်လိုက်ရတာကလည်း ကျောင်းသားတွေက မလာကြတော့တာ ” လို့ ကျိုက်မရော မြို့နယ်ပညာရေးမှူးရုံးက အမည်မဖော်မလိုတဲ့ ဝန်ထမ်းတဦးက DNA ကို ပြောပါတယ်။
 
လက်ရှိ ပိတ်ထားရတဲ့ ကျောင်းတွေထဲ အများစုက မူလတန်းကျောင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။
 
လက်ရှိ ချောင်းနှစ်ခွရွာအနီးမှာ နှစ်ဖက်ပစ်ခတ်မှုတွေ ငြိမ်သက်နေပေမယ့် လက်နက်ကြီး ပစ်ခတ်မှုတချို့တော့ ရှိနေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို စိုးရိမ်တာကြောင့် ဒီကနေ့ နိုဝင်ဘာ ၁၆ ရက်အထိ ကျောင်းတွေ ပြန်မဖွင့်နိုင်သေးဘူးလို့ ချောင်းနှစ်ခွကျေးရွာက ကျောင်းသားမိဘတဦးက ပြောပါတယ်။
 
“ အရင်နေ့ကလိုတော့ ပစ်ခတ်သံ သိပ်မကြားရတော့ဘူး၊ ထပ်ဖြစ်လာမှာ စိုးရိမ်တယ်၊ အခုထိတော့ ကလေးကို ကျောင်းမပေးသွားသေးဘူး၊ ကျောင်းတွေလည်း ပိတ်ထားတုန်းပါပဲ ” လို့ သူကပြောပါတယ်။
 
အခုနှစ်ပညာသင်နှစ်အတွက် အတန်းတင်စာမေးပွဲ ဖြေဆိုဖို့ သုံးလလောက်တာ ကျန်ရှိတော့တဲ့အတွက် အခြေခံပညာကျောင်းတွေ အမြန်ဆုံးဖွင့်လှစ်နိုင်ဖို့ ကျောင်းသားမိဘတွေက လိုလားနေကြတယ်လို့ ဆိုပါတယ်။
 
မွန်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ သယံဇာတရေးရာဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန် ကတော့ ချောင်းနှစ်ခွတိုက်ပွဲကြောင့် ပိတ်ထားရတဲ့ ကျောင်းအရေအတွက်ကို အတည်ပြုနေဆဲဖြစ်ပြီး ရက်ပိုင်းအတွင်း အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီစဉ်မယ်လို့ DNA ကို ပြောပါတယ်။
 
“ ပိတ်တာထက်စာရင် မလာကြတာပေါ့ဗျာ၊ ရွာတွေဆိုတော့ လူဦးရေတွေ နည်းပါတယ်၊ ပြန်ဖွင့်မှာပါ၊ ရက်ပိုင်းအတွင်း ပြန်ဖွင့်ဖို့ ရှိပါတယ်။ အေးချမ်းသွားတာနဲ့ ပြန်ဖွင့်ဖို့ စီစဉ်ထားပါတယ် ” လို့ သူကပြောပါတယ်။
 
ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ နယ်မြေရဲစခန်းနဲ့ အဲဒီရွာအနီးက အတ္ထရံတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက် မနက်အစောပိုင်းမှာ စတင်တိုက်ခိုက်ခဲ့ပြီး လေးရက်အကြာ နိုဝင်ဘာလ ၁၃ ရက်မှာ အဲဒီစခန်းနှစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
 
တိုက်ပွဲဖြစ်နေချိန်အတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် နှစ်ဖက်ပစ်ခတ်မှုတွေဟာ ကျေးရွာတွေထဲ ကျရောက်ပေါက်ကွဲတာတွေ ရှိခဲ့တာကြောင့် စာသင်ကျောင်းတွေ ပိတ်လိုက်ရတာ ဖြစ်ပါတယ်။
 
ဒါ့အပြင် အခုပညာသင်နှစ်မှာ ဘီးလင်းမြို့နယ်က အခြေခံပညာကျောင်းနှစ်ဆယ်ကျော်နဲ့ ကျိုက်ထိုမြို့နယ်က ကျောင်းတဆယ်ကျော်ဟာလည်း တိုက်ပွဲတွေကြောင့် ပိတ်ထားရပြီး ဒီကနေ့အထိ ပြန်မဖွင့်နိုင်သေးဘူးလို့ သိရပါတယ်။
 
ဘီးလင်းနဲ့ ကျိုက်ထိုမြို့နယ်က အခြေခံပညာကျောင်းတွေကိုတော့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက သတိပေးချက်ထုတ်ထားတာအပြင် ထိတွေ့တိုက်ပွဲတွေလည်း ရှိခဲ့တာကြောင့် စစ်ကောင်စီဘက်က ပိတ်ခိုင်းတာလို့ မွန်ပြည်နယ်ပညာရေးမှူးရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက DNA ကို ပြောထားပါတယ်။
 
ဒီလိုမျိုး ပိတ်သိမ်းထားတဲ့ အခြေခံပညာကျောင်းတွေအားလုံးကို အမြန်ဆုံးပြန်လည်ဖွင့်ဖို့ စီစဉ်ထားပြီး အခုပညာသင်နှစ် ပြီးမြောက်တဲ့အထိ အချိန်ပိုခေါ် သင်ကြားပေးဖို့ ညွှန်ကြားထားတယ်လို့ ပြည်နယ်စစ်ကောင်စီပြောခွင့်ရက ဆိုပါတယ်။
 
“ ပြန်ဖွင့်နိုင်တဲ့ ကျောင်းတွေကို မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ကျောင်းတွေ အကုန်ပြန်ဖွင့်မယ်၊ နည်းနည်း ပျက်ကွက်ခဲ့တဲ့ဟာတွေ ရှိမယ်၊ ကလေးတွေလည်း အားနည်းနည်းပြန်စိုက်ရမယ်၊ ရသလောက်အချိန်တွေနဲ့ ဂိုက်လိုက်ပြီးတော့ အဲဒီလို ဆက်သင်ဖို့တော့ ညွှန်ကြားထားတာ ရှိပါတယ် ” လို့ သူကဆိုပါတယ်။
 
လက်ရှိပညာသင်နှစ်မှာ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိတဲ့ အခြေခံပညာကျောင်း အသီးသီးက ကျောင်းသားကျောင်းသူတွေအတွက် ပညာသင်ယူခွင့် မဆုံးရှုံးအောင် ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းဒေသအနှံ့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့အကြား လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကျောင်းနေအရွယ်ကလေးတွေ ပညာသင်ယူခွင့် ထိခိုက်ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အခြေအနေတွေကို စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်းတွေက ထောက်ပြထားပါတယ်။
 
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝှမ်း အထက်တန်းအရွယ် ကလေးအားလုံးရဲ့ ၂၂ ရာခိုင်နှုန်းပဲ ကျောင်းအပ်ကြတော့သလို ၂၀၁၇ ကနေ ၂၀၂၃ ခုနှစ်အကြား ခြောက်နှစ်အတွင်း မြန်မာနိုင်ငံမှာ ကျောင်းအပ်နှုန်း ၁၂ ရာခိုင်နှုန်းကျော်အထိ ကျဆင်းသွားတာ ကြောင့် ပညာရေး လက်လှမ်းမီမှု စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ အခုနှစ် ဇူလိုင်လအတွင်း ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။
 
ဓာတ်ပုံ – CJ (ပုံဟောင်း)