လောက်ကိုင်ကို ဝင်တိုက်တော့မယ်လို့ MNDAAအသိပေးပြီးနောက် စစ်ကောင်စီက တပ်အရာရှိတဦးကို ကိုးကန့် ဒေသဥက္ကဌခန့်

နိုဝင်ဘာ၊ ၁၆

ကိုးကန့်ဒေသရဲ့  အုပ်ချုပ်ရေးမြို့ဖြစ်တဲ့ လောက်ကိုင်ကိုဝင်တိုက်တော့မယ်လို့ ကိုးကန့်တပ် MNDAA က ကြို တင်ထုတ်ပြန်ကြေညာခဲ့ပြီးနောက်တရက်မှာ စစ်ကောင်စီကသူ့ရဲ့လက်အောက်ခံ ကိုးကန့်ဒေသ ဦးစီး အဖွဲ့ ဥက္ကဌ နေရာမှာ စစ်တပ်အရာရှိတဦးကိုပြောင်းလဲခန့်အပ်လိုက်ပါတယ်။

လက်ရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးမြင့်ဆွေကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ၂၀၀၈ အခြေခံဥပဒေပါ လုပ်ပိုင်ခွင့်အရ တာဝန်ကရပ်စဲလိုက်ပြီး ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်ကို ယာယီဥက္ကဌအဖြစ် တာဝန်ပေးလိုက်တယ်လို့ မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

အခုတာဝန်ရပ်စဲခံလိုက်ရတဲ့ ကိုးကန့် ဥက္ကဌ ဦးမြင့်ဆွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ် ကောင်စီကာလုံ အစည်းအဝေးမှာ အထူးဖိတ်ကြားခံရသူအနေနဲ့ တက်ရောက်ခဲ့ပါသေးတယ်။

MNDAA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေး လို့အမည်ပေးထားတဲ့ ရှမ်းမြောက်ထိုးစစ်ကို အောက်တိုဘာ ၂၇ရက်မှာစတင်ခဲ့ပြီးနောက် မြန်မာ-တရုတ်နယ်စပ် ကိုးကန့်ဒေသကမြို့တွေကိုဆက်တိုက် သိမ်း ပိုက်ခဲ့ပြီးလောက်ကိုင်ကိုလည်းတိုက်ခိုက်တော့မယ်လို့ နိုဝင်ဘာ ၁၄ရက်မှာတရုတ်ဘာသာနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုကြိုတင်ထုတ်ပြန်အသိပေးတာဟာ တိုက်ပွဲအတွင်း  အရပ်သားတွေထိခိုက်မှုကို လျှော့ချနိုင်ဖို့ ရည်ရွယ် တယ်လို့ MNDAA ပြောခွင့်ရသူ လီကျာဝင်းက သတင်းဌာနတချို့ကိုပြောထားပါတယ်။

MNDAA ရဲ့ အဲ့ဒီထုတ်ပြန်ချက်မှာလောက်ကိုင်မြို့သိမ်းတိုက်ပွဲအတွင်း စစ်စည်းကမ်းတွေကိုလိုက်နာဖို့၊ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ ဖမ်းဆီးစေခိုင်းခံနေရတဲ့ နိုင်ငံခြားသားတွေကို ကယ်ထုတ်ဖို့၊အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်တဲ့ တာဝန်ရှိသူတွေကိုဖမ်းဆီးပြီး တရုတ်နိုင်ငံဘက်လွှဲပေးဖို့၊စစ်မြေပြင်အတွင်းကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ လုပ် ငန်းရှင်တွေကို  အကာအကွယ်ပေးဖို့စတဲ့အချက်တွေဖော်ပြထားပါတယ်။

အခုလို  ကိုးကန့်ဒေသဥက္ကဌ အပြောင်းအလဲမလုပ်မီ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးလည်းဖြစ် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီဥက္ကဌလည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ဟာ နေပြည်တော်မှာ တရုတ်သံအမတ်နဲ့တွေ့ဆုံခဲ့ကြပါသေးတယ်။

ဒီတွေ့ဆုံမှုအပြီးမှာ ပြည်ခိုင်ဖြိုးပါတီဝင် လွှတ်တော်အမတ်ဟောင်းအပါအဝင်  ကိုးကန့် ဒေသမှာ ဩဇာရှိတဲ့ “မင်” မိသားစုဝင်လေးဦးကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခဲ့သလို ဒေသဦးစီးအဖွဲ့ ဥက္ကဌကိုလည်း တာဝန် ကရပ်စဲခဲ့ တာဖြစ်ပါတယ်။

ကိုးကန့်ဒေသ ဦးစီးအဖွဲ့နဲ့လည်း ဆက်စပ်နေတဲ့ “မင်”မိသားစုဝင်လေးဦးကို အွန်လိုင်းလိမ်လည်မှုတွေအတွက် အ လိုရှိတယ်လို့ တရုတ်နိုင်ငံက စွပ်စွဲကြေညာထားတာဖြစ်ပါတယ်။

ပုံစာ- ကာလုံအစည်းအဝေးတက်ရောက်ခွင့်ရခဲ့ပြီးနောက်တပတ်ဝန်းကျင်အကြာမှာ ကိုးကန့်ဒေသဥက္ကဌ (အင်္ကျီအပြာ) ကိုတာဝန်ကရပ်စဲလိုက်တာဖြစ်ပါတယ်။