စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ အရပ်သားတဦးသေ၊ နှစ်ဦးဒဏ်ရာရတယ်လို့ ကေအဲန်ယူထုတ်ပြန်

နိုဝင်ဘာ၊ ၁၄
 
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်နဲ့ ကျောက်တံခါးမြို့နယ်တွေမှာ နိုဝင်ဘာလ ၁၃ ရက်က စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လယ်လုပ်နေတဲ့ အမျိုးသားတဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေနဲ့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
 
“ ရိတ်ပြီးသား စပါးတွေကို နေလှန်းနေတုန်း သူ့ဘေးကို ကျကွဲတာ။ တလုံးပဲကွဲတယ်။ ပစ်တာတော့ သုံးလုံး၊ လေးလုံးတော့ ရှိတယ်။ မကွဲတဲ့ အလုံးတွေလည်း ရှိတယ်။ သွေးထွက်လွန်ပြီး ဆုံးသွားတယ် ” လို့ အမည်မဖော်လိုသူ ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
စစ်ကောင်စီလက်အောက်ခံ ရွှေကျင်မြို့နယ်အခြေစိုက် အမှတ်(၅၉၈) ခြေမြန်တပ်ရင်းမှ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရှမ်းစုကျေးရွာဘက်ကို လက်နက်ကြီး လေးလုံးနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတလုံးက ရှမ်းစုရွာအပိုင် လယ်ကွင်းမှာ ရိတ်သိမ်းပြီးတဲ့ စပါးတွေကို နေလှမ်းနေတဲ့ အသက် (၅၄)နှစ်အရွယ် ဦးမင်းနိုင်အနီးကို ကျရောက်ပေါက်ကွဲခဲ့လို့ လက်ချောင်း၊ ပေါင်တွေမှာ လက်နက်ကြီးစ ထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးရုံပို့ဆောင်စဉ် သွေးထွက်လွန်ကာ သေဆုံးသွားတာ ဖြစ်ပါတယ်။
 
လက်နက်ကြီး ထိမှန်သေဆုံးခဲ့တဲ့ ဦးမင်းနိုင်ဟာ လယ်ယာလုပ်ငန်း လုပ်ကိုင်တဲ့ သာမန်အရပ်သားတဦးဖြစ်ပြီး သူက သားသမီး ခုနှစ်ဦးရှိတဲ့ ကျိုက်ထိုမြို့နယ် ချောင်းဝရွာသားလည်း ဖြစ်ပါတယ်။
 
ဒါ့အပြင် အဲဒီနေ့ ညနေ လေးနာရီခန့်မှာ ကျောက်တံခါးမြို့နယ် စစ်ကောင်စီလက်အောက်ခံ ခမရ (၃၀၇) တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးနဲ့ပစ်လို့ ဂွေးကုန်းကျေးရွာမှ အသက် ၁၅ နှစ်အရွယ် မယွန်းစန္ဒီ၊ အသက် ၄၈ နှစ် အရွယ် ဒေါ်မာဝင်း တို့နှစ်ဦး ဒဏ်ရာရှိခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ချက်အရ သိရပါတယ်။
 
“ အခုက အလုပ်သွားမလုပ်ရင် ဘာနဲ့စားမလဲ။ သူ့အချိန်အခါအရတော့ လယ်ဆို လယ်လုပ်ရတာပဲ။ အဲဒီအနားမှာ ဘယ်ကနေ ဗုံးခိုကျင်းတို့ ရှိနိုင်မလဲ။ ဘုရားတပြီး လုပ်နေရတာပေါ့။ အသံကြားရင်တော့ ဘေးလွတ်ရာတော့ ရှောင်းရင်းလုပ်ကြတာပေါ့ ” လို့ စစ်တောင်းမြစ်ဘေးမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ တောင်သူတဦးက ပြောပါတယ်။
 
အလားတူ နိုဝင်ဘာလ ၁၂ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီလက်အောက်ခံ ခမရ (၃၀၇)၊ ခမရ (၄၃၉)၊ တပ်မ (၇၇) မှ ကေအဲန်ယူ မူး(မုန်းမြို့နယ်)၊ သင်နှီးကျောင်းကျေးရွာ ဘက်ကို လက်နက်ကြီး ၁၂၀ မမနဲ့ ပစ်ခတ်လို့ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို နေအိမ်နှစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
 
နိုဝင်ဘာလ ၇ ရက် မနက်ပိုင်းကလည်း ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ထွေအုပ်ရုံး ဒရုန်းနဲ့ ဗုံးသီးချခံရပြီးနောက် အမြှောက်တပ်မှ လက်နက်ကြီး ပြန်လည်ပစ်ခတ်လို့ ဝေါမြို့နယ်၊ တနော်ကျွန်းကျေးရွာ စစ်တောင်းမြစ်တဖက်ကမ်း လှေဆိပ်နားကို ကျရောက်ပေါက်ကွဲလို့ လေးဦးသေဆုံးကာ ရှစ်ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
 
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPက အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းမှာ စစ်တပ်လက်ချက်နဲ့ သေဆုံးရတဲ့အရပ်သား ၄,၁၈၂ ဦးရှိတယ်လို့ အခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – CJ