စစ်ကောင်စီတပ်ကို လက်နက်နဲ့ အတူစွန့်ခွာလာတဲ့ ဒုအရာခံဗိုလ်ကို သိန်းငါးဆယ်ချီးမြှင့်

 

 

 

နိုဝင်ဘာ၊ ၁၃

မကွေးတိုင်း၊ ကျောက်ထုမြို့အခြေစိုက်အမှတ် ၃၆၈ အမြှောက်တပ်က ဒုအရာခံဗိုလ်တဦးဟာ နိုဝင်ဘာလ ၅ ရက်က လက်နက်ခဲယမ်းတွေနဲ့အတူ စစ်ကောင်စီတပ်ကို စွန့်ခွာလာတဲ့အတွက် ဆုငွေသိန်း ငါးဆယ်ချီးမြှင့်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစု တွေထံက သိရပါတယ်။

“ လုပ်ချင်တဲ့သူတွေ အများကြီး ရှိနေတယ်မလုပ်ရဲကြလို့တဲ့။ စိုးရိမ်စိတ်တွေ ရှိနေကြတာ။ ထွက်လာခဲ့ရင် ကြိုဆိုမှာလား ဒါမဟုတ်ရင် တခြားနည်းနဲ့ ဒုက္ခရောက်အောင် လုပ်မှာလား အဲဒီလို စိုးရိမ်စိတ်တွေရှိတယ်ဆိုပြီး ပြောပြတယ်။” လို့  ဂန့်ဂေါ်ခရိုင် တပ်ရင်း(၁၅၊ ၁၆၊ ၁၇)ခေါင်းဆောင် သခင်ဇော်က ပြောပါတယ်။

ဒုအရာခံဗိုလ် ကျော်စိုးလှိုင်ဟာ MA – 3သေနတ် တလက်၊ ကျည်ဘောက် သုံးခု၊ ကျည် ၂၁၉ တောင့်၊ ကျည်ကာ အင်္ကျီနဲ့ဆက်စပ်ပစ္စည်းတွေလည်း ယူဆောင်လာပြီး Yaw Revolution Army ထံကို ဆက်သွယ် လာတာလို့ ဆိုပါတယ်။

မိသားစုဝင်တွေမပါဘဲ တဦးတည် အလင်းဝင်လာတဲ့ အဲဒီဒုအရာခံဗိုလ်ကို လက်ရှိတော်လှန်ရေးအင်အား စုတွေရဲ့ ထိန်းချုပ် နယ်မြေမှာ လွတ်လပ်စွာနေထိုင်ခွင့်ပြုထားပေမယ့် စောင့်ကြည့်မှုတွေ ပြုလုပ်နေ ဆဲဖြစ်တယ်လို့ သိရပါတယ်။

“ သူ့ရဲ့ဆန္ဒက စစ်ကောင်စီကို တတောင့်တနေရာကနေ တော်လှန်ချင်တဲ့စိတ်ဆန္ဒ ရှိနေတယ်။ အဲဒီလိုလည်း သူပြောတယ်။” လို့ သခင်ဇော်ကပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် Yaw Revolution Army ထံ အလင်းဝင်လာတဲ့ ရဲနဲ့ စစ်သား ၂၅ ဦးခန့်ရှိပြီး အဲဒီထဲက ဒုရဲအုပ်တဦး နဲ့ အခု အလင်းဝင်လာတဲ့ ဒုအရာခံဗိုလ်က ရာထူးအမြင့်ဆုံးတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

အဲဒီထဲက တချို့ဆိုရင် တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေတဲ့သူတွေ ရှိသလို သူတို့ ရဲ့သဘောဆန္ဒတွေအရ လွတ်မြောက်နယ်မြေတွေဘက်ကို ပို့ဆောင်ပေးခဲ့တာတွေလည်း ရှိတယ်လို့ သခင်ဇော်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ( NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၇ ရက် ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်ကိုစွန့်ခွာလာတဲ့  စစ်သားနဲ့ရဲ ၁၄,၀၀၀ ကျော်ရှိပြီး အဲဒီထဲက ဒုတိယဗိုလ်မှူးကြီးအဆင့်တွေ အပါအဝင် စစ်သား ၃,၂၃၅ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၁၀,၃၅၆ ဦးရှိတယ်လို့ သိရပါတယ်။

Photo-Yaw Revolution Army