ကျောက်တော်မြို့နယ် အပေါက်ဝရဲစခန်း ရဲအားလုံး AA ထံ လက်နက်ချအညံ့ခံ

နိုဝင်ဘာ၊ ၁၃
 
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရဲစခန်း စခန်းမှူး အပါအဝင် တပ်ဖွဲ့ဝင်အားလုံးဟာ ရက္ခိုင့်တပ်တော် (AA)ထံ ဒီနေ့မနက်ပိုင်းက လက်နက်ချ အဖမ်းခံတဲ့အတွက် ရဲတပ်ဖွဲ့ဝင်အားလုံးကို လက်နက်ခဲယမ်းနဲ့တကွ AA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ AA နဲ့ ဒေသခံတွေထံက သိရပါတယ်။
 
” ဟုတ်ပါတယ်၊ အတည်ပြုလို့ ရပါတယ် ” လို့ AA ပြောခွင့်ရ ဦးခိုင်သုခကလည်း အဲဒီဖြစ်စဉ် ဟုတ်မှန်ကြောင်း DNA ကို အတည်ပြုပေမယ့် အသေးစိတ်အချက်အလက်တွေတော့ မပြောကြားပါဘူး။
 
ရှမ်းမြောက်က စစ်ဆင်ရေး ၁၀၂၇ မှာပါဝင်တဲ့ ရက္ခိုင့်တပ်တော် (AA)ဟာ ရခိုင်ပြည်နယ်မှာ ဒီကနေ့ မနက်မှာပဲ စစ်ဆင်ရေးစတင်လိုက်ပြီး ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး မြို့နယ်တို့အတွင်းက တပ်စခန်း၊ စစ်ကြောင်း တွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
 
AA တပ်ဖွဲ့ဝင်တွေဟာ မနက် ၁၁ နာရီဝန်းကျင်မှာ ကားတစီးနဲ့ ရောက်လာပြီး အင်အားနှစ်ဆယ်ဝန်းကျင်လောက်ရှိတဲ့ အဲဒီရဲစခန်းကို ဖုန်းဆက်ပြီး ” လက်နက်မချရင် ဝင်တိုက်မယ် ” လို့ အကြောင်းကြားပြီးနောက် ရဲတွေက ပြန်လည်မတိုက်ခိုက်တဲ့အတွက် ကားတစီးနဲ့ လာခေါ်သွားခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
 
” သေနတ်လည်း ဖောက်တာမရှိဘူး။ အေးဆေးပဲ ကားနဲ့ တင်သွားတယ်။ စခန်းမှာ တယောက်မှ မကျန်ခဲ့ဘူး။ အကုန်ဖမ်းသွားတယ် ” လို့ မျက်မြင်ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
အပေါက်ဝကျေးရွာဟာ ကျောက်တော်နဲ့ ပုဏ္ဏာကျွန်းကြား ရန်ကုန်-စစ်တွေ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တည်ရှိတဲ့ ကျေးရွာကြီးတရွာဖြစ်ပြီး လက်ရှိမှာ ရွာအတွင်း အခြေအနေတည်ငြိမ်နေပြီး ပုံမှန်ပဲ သွားလာနေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့မှာပါတဲ့ ရက္ခိုင့်တပ်တော် (AA) ဟာအောက်တိုဘာလ ၂၇ ရက်က စစ်ဆင်ရေး ၁၀၂၇ ကြေငြာပြီး ရှမ်ပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်နေတဲ့အပြင် ရခိုင်မှာ စစ်မျက်နှာသစ် ထပ်မံဖွင့်လိုက်တာပါ။
 
အပစ်ရပ်ထားတာ တနှစ်နီးပါးရှိပြီဖြစ်တဲ့ ရခိုင်ပြည်နယ်အတွင်း ဒီနေ့မှာ ပထမဆုံးအကြိမ် တိုက်ပွဲတွေ တကျော့ပြန်ဖြစ်ခဲ့တာဖြစ်ပြီး တပ်စခန်း၊ ရဲစခန်းနဲ့ လက်နက်တွေ သိမ်းပိုက်ရရှိခဲ့တာပါ။
 
အဲဒီတိုက်ပွဲတွေအတွင်း ရသေ့တောင်မြို့နယ်ရှိ ချိန်ခါလီနဲ့ ဒုံးပိုက် နယ်ခြားစောင့် ရဲကင်းစခန်း တို့ကို သိမ်းပိုက်ရရှိခဲ့ပြီး မင်းပြားမြို့နယ် တိုက်ပွဲမှာလည်း လက်နက်၊ ရိက္ခာတွေနဲ့ စစ်ကောင်စီတပ် အရာရှိ၊ တပ်ဖွဲ့ဝင် အချို့ ဖမ်းဆီးရမိခဲ့တယ်လို့ AA နဲ့ နီးစပ်သူတွေက ပြောထားကြပါတယ်။
 
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ရခိုင်မှာလည်း ၁၀၂၇ စစ်ဆင်ရေး အစပြုပြီလို့ ပြောလို့ရကြောင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့က နိုဝင်ဘာ ၈ ရက်မှာ ထုတ်ပြန်တဲ့ စစ်ရေးသတင်း ထုတ်ပြန်ချက်ထဲမှာ ရေးသားအသိပေးခဲ့ပါတယ်။
 
ဓာတ်ပုံ – Narinjara