နို၀င်ဘာ ၊ ၁၁
တိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ စစ်ကောင်စီတပ်အရာရှိတွေက ကျေးရွာအုပ်ချုပ် ရေး တာဝန်ရှိသူတွေကိုခေါ်တွေ့ပြီး တိုက်ပွဲမဖြစ်အောင် ထိန်းသိမ်းကြဖို့နဲ့ တိုက်ပွဲဖြစ်ခဲ့ရင် ရွာတွေထဲ လက်နက် ကြီး နဲ့ပစ်မယ်လို့ ခြိမ်းခြောက်၊ ပြောဆိုခဲ့ကြောင်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက DNA ကိုပြောပါတယ်။
“တိုက်ပွဲမဖြစ်ချင်ဘူး၊မဖြစ်အောင် ခင်ဗျားတို့ AA တွေကို ထိန်းပေးကြ၊ တကယ်လို့တိုက်ပွဲဖြစ်ရင်တော့ ငါတို့က ရွာ တွေထဲကို လက်နက်ကြီးနဲ့ ပစ်မှာပဲ၊အဲဒီအခါကျမှ အဆိုးမဆိုနဲ့၊လက်နက်ကြီးတွေလည်း အကုန်အဆင်သင့်ပဲ၊ အဲ လို ပြောပါတယ်”လို့ စစ်ကောင်စီတပ်ရင်းမှူးရဲ့ပြောဆိုချက်ကိုသိရှိတဲ့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တဦးက DNA ကို ပြန်ပြောပြပါတယ်။
အမ်းမြို့နယ် ကစုကိုင်းရွာအနီးမှာအထိုင်ချထားတဲ့ စစ်ကောင်စီစခန်းက ဒုတပ်ရင်းမှူးအဆင့်အရာရှိဟာ ကစု ကိုင်းအုပ်စု၊ဒလက် အုပ်စု တို့အပါအ၀င် အနီးတဝိုက်ကျေးရွာနှစ်ဆယ်ကျော်က အုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူး (ရွာတာဝန်ခံ) တို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်က ခေါ်တွေ့ခဲ့တာပါ။
အနောက်ပိုင်းတပ် စစ်ဌာနချုပ် (နပတ) တည်ရှိရာအမ်းမြို့နယ် အတွင်းမှာ စစ်ကောင်စီခြေမြန် တပ်ရင်းတွေ ဖြစ်တဲ့ ခမရ ၃၇၁၊၃၇၂၊၃၇၃ တပ်ရင်းတွေရှိပြီး ကစုကိုင်းရွာနားက စခန်းမှာတော့ အဲ့ဒီတပ်ရင်းတွေက ဒုတပ်ရင်း မှူးတွေအလှည့်ကျ တာဝန်ယူလေ့ရှိတယ်လို့ သိရပါတယ်။
အမ်းမြို့နယ်မှာ စစ်ကောင်စီတပ်အရာရှိတွေဟာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို လစဉ်ခေါ်တွေ့နေတာဖြစ်ပြီး အရင်လတွေတုန်းကတော့ ဒေသတွင်း လိုအပ်ချက်တွေကိုပဲ မေးမြန်းကာ စစ်ရေးတင်းမာနေချိန် အခုလမှာတော့ အဲဒီလို ခြိမ်းခြောက်ခဲ့တာလို့ ဆိုပါတယ်။
“တွေ့တာကတော့ လတိုင်းခေါ်တွေ့တာပါ၊ရွာမှာ ဘာတွေလိုလဲ၊ ဘာလုပ်ပေးရမလဲ အဲလိုမျိုးတွေ မေးတယ်၊ ဒါပေမယ့် ဘာတခုမှတော့ လုပ်ပေးတာမဟုတ်ပါဘူး”လို့ စစ်ကောင်စီတပ်နဲ့ ပုံမှန်သွားတွေ့ရတဲ့ အုပ်ချုပ်ရေး မှူးတဦးက ပြောပါတယ်။
ရခိုင့်တပ်တော်(AA)ပါဝင်တဲ့ ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်မြောက်ပိုင်းမှာ တပ်စခန်း တွေနဲ့ မြို့တွေ ဆက်တိုက် လက်လွှတ်နေရချိန် ရခိုင်မှာလည်း တိုက်ပွဲတွေပြန်ဖြစ်ပြီး စခန်းတွေ ထပ်သိမ်းခံရမှာ စိုးရိမ်လို့ စစ်ကောင်စီတပ်အရာရှိတွေကအခုလို ခြိမ်းခြောက်လာတာဖြစ်တယ်လို့ ဒေသတွင်း တက်ကြွလှုပ်ရှား သူတွေနဲ့ ဒေသခံတွေက ထောက်ပြကြ ပါတယ်။
“AA က တိုက်လာလို့ရှိရင်လည်း မနိုင်ရင် ငါတို့က ရွာ တွေကို ပစ်မယ်ဆိုပြီး ပြည်သူကို တိုက်ရိုက်ပစ်မှတ်ထား မယ်လို့ ပြောလိုက်တာပေ့ါ၊ခြိမ်းခြောက်တာ”လို့ အမ်း ဒေသခံ တက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာအရင်တုန်းကလည်း မြေပြင်တိုက်ပွဲတွေမှာ အထိနာတိုင်း အပြစ်မဲ့ပြည်သူတွေကို အငြိုး ထားကာ ရွာတွေဆီ လက်နက်ကြီးတွေနဲ့ပစ်ခတ်လေ့ရှိပြီး အခုပြောဆိုချက်ဟာလည်း လက်တွေ့ဖြစ် လာနိုင် တာကြောင့် ပြည်သူတွေအနေနဲ့သတိထားကြဖို့လိုတယ်လို့ ရခိုင်ဒေသခံတွေကထောက်ပြကြပါတယ်။
“AA ကို မနိုင်ရင် ပြည်သူကို ညစ်ပတ်မယ်ဆိုတဲ့ပုံစံမျိုး၊ အခုကတည်းက ခြိမ်းခြောက်ထားလိုက်မယ် ဆိုတဲ့ပုံစံမျိုးနဲ့ ပြောင်ပြောင်တင်းတင်းနဲ့ ကျင့်ဝတ်သိက္ခာလည်းမရှိ၊ အရှက်လည်းမရှိဘဲ ပြောတဲ့စကား၊ ဓါးပြဆန်ဆန်ပြောတဲ့ စကားတခုခုလို့ပဲ မြင်တယ်”လို့ အဆိုပါ အမ်းဒေသခံက ဝေဖန်ပါတယ်။
၂၀၂၂ ခု တကျော့ပြန်တိုက်ပွဲတွေ မဖြစ်ခင်ကလည်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တပ် အနေနဲ့ ရခိုင်ပြည်သူတွေ ဒုက္ခမရောက်စေချင်လို့ စိတ်ရှည်သည်းခံဆောင်ရွက်နေတာဖြစ်ပြီး “ပြဿနာဖြစ် လာရင်တော့ တပ်မတော်ကို အဆိုးမဆိုပါနဲ့”လို့ လူသိရှင်ကြားပြောခဲ့ဖူးပါတယ်။
အဲဒီနောက် ရခိုင်ပြည်တွင်း တိုက်ပွဲတွေဖြစ်လာချိန်မှာလည်း စစ်ကောင်စီတပ်ကတိုက်ပွဲမရှိ၊တိုက်ပွဲဧရိယာနဲ့ အလှမ်းဝေးရာ၊ တိုက်ပွဲ ဖြစ်ရာနေရာနဲ့ အရပ်မျက်နှာအားဖြင့် ဆန့်ကျင်ဘက်ဖြစ်တဲ့ လူနေရွာတွေဆီ လက် နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခု ရခိုင်တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်တာ၊ လက်နက်ကြီး၊ ဒရုန်းတို့နဲ့ပစ်ခတ်တာတွေကြောင့် လသားအရွယ်ကလေးငယ်အပါအဝင် အရပ်သား ၅၀ ဝန်းကျင် သေဆုံးကာ ၁၂၀ ဝန်းကျင် ဒဏ်ရာရခဲ့ပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်အတွင်း ရိက္ခာ၊ လက်နက်၊ အင်အားဖြည့်တာ၊ လက်နက်ကြီး စမ်းသပ်ပစ်ခတ်တာ၊ ဝန်ထမ်းတွေ၊ ဒေသခံတွေနဲ့ သတင်းထောက်တွေကို ဖမ်းဆီးတာ၊ ခရီးသွားတွေကို စစ်ဆေး မှုတင်းကျပ်တာတွေ ဆက်တိုက်လုပ်လာနေပါတယ်။
အဲဒီလုပ်ရပ်တွေဟာ ရခိုင်ပြည်နယ်အတွင်း ၁၀၂၇ စစ်ဆင်ရေးအစလို့ ပြောလို့ရကြောင်း ညီနောင်သုံးဖွဲ့ရဲ့ နိုဝင် ဘာလ ၈ ရက်စစ်ရေးသတင်းထုတ်ပြန်ချက်မှာ ထည့်သွင်း ရေးသားထားပါတယ်။
AA ဟာ အာဏာမသိမ်းခင်ကရော အာဏာသိမ်းပြီးနောက်မှာပါ စစ်ကောင်စီနဲ့တိုက်ပွဲတွေ ပြင်းထန်ခဲ့ဖူးပေမယ့် လက်ရှိမှာ နှစ်ဖက် နှုတ်သဘောတူညီချက်အရ အပစ်ရပ်ထားကြတာပါ။
ဒါပေမယ့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းမြောက်ဒေသတို့က ၁၀၂၇ စစ်ဆင်ရေးနဲ့ ဆက်စပ် စစ်ရေး လှုပ်ရှားမှုတွေမှာတော့ AA တပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်နေတယ်လို့ AA ပါဝင်တဲ့ ညီနောင်မဟာမိတ်တပ်နဲ့ KIA တို့က တရားဝင်ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာလည်း နှစ်ဖက်အပစ်ရပ်ထားကြပေမယ့် စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ၊ လက်နက်စမ်းသပ်မှုတွေ၊ အရပ်သားတွေ၊ အရပ်ဘက်အဖွဲ့တွေအပေါ် ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ် လာနေ မယ်ဆိုရင်တော့ နှစ်ဖက်တင်းမာမှုတွေ ပိုများလာပြီး တိုက်ပွဲတွေဆီ ဦးတည်သွားနိုင်တယ်လို့ AA ပြောခွင့်ရ ခိုင်သုခက DNAကို ပြောထားပါတယ်။
ရခိုင်ဒေသခံတချို့ကတော့ လက်ရှိရခိုင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားပြင်ဆင်မှုတွေလုပ်ပြီး စစ်ပြင်နေတာက စစ်ကောင်စီသာဖြစ်ပြီး တိုက်ပွဲတွေပြန်မဖြစ်စေချင်ရင် စစ်ကောင်စီရဲ့ လုပ်ရပ်တွေရပ်တန့်ဖို့လိုတယ်လို့ ဝေဖန်ကြပါတယ်။
“အခုက စစ်တပ်ကပဲ တိုက်ပွဲခေါ်သလို လုပ်နေတာလေ၊ငြိမ်းချမ်းရေးလိုချင်ရင် လွတ်လွတ်လပ်လပ်သွား လာခွင့် တွေ ပေးဖို့၊ အဖမ်းအဆီးတွေ မလုပ်ဖို့၊ ရန်မစဖို့ လိုတာပေါ့”လို့ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက် ရှိနေတဲ့ မောင်တောမြိုနယ် ဒေသခံလူငယ်တဦးက ပြောပါတယ်။