အေဂျင်စီက တာဝန်ယူမှုမရှိတာကြောင့် မြန်မာလုပ်သားငါးဦး ထိုင်းမှာ အလုပ်မဝင်ရသေး

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ MoU စာချုပ်နဲ့လာတဲ့ မြန်မာအလုပ်သမား ငါးယောက်ကို ‌အေဂျင်စီက တာဝန်ယူမှု မရှိဘဲ ပွဲစားလက်ထဲ ထည့်ပေးခဲ့တာကြောင့် နှစ်လကျော်ကြာတဲ့အထိ အလုပ်မဝင်ရသေးဘူးလို့ မြန်မာအလုပ်သမားရေး ဆောင်ရွက်သူတွေနဲ့ ကာယကံရှင်တွေထံက သိရပါတယ်။
 
“ ထိုင်းကို ရောက်ရောက်ချင်း ကျွန်တော်တို့ကို ပို့ချင်တဲ့နေရာ ပို့တယ်။ ကျွန်တော်တို့က KTK ကုမ္ပဏီနဲ့ စာချုပ်ချုပ်ပြီးလာတာ။ ဒီရောက်တော့ KTK ကုမ္ပဏီက မရှိဘူးဆိုပြီး ပွဲစားလက်ထဲ ထိုးပေးလိုက်တယ် ” လို့ မြန်မာလုပ်သား ကိုကျော်မင်းသူက ပြောပါတယ်။
 
ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခုက ထိုင်းနိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်း KTK ကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး မြန်မာလုပ်သားငါးဦးကို လွှတ်ပေမယ့် အဲဒီ KTK လုပ်ငန်းဟာ ထိုင်းမှာမရှိဘူးလို့ လုပ်သားတွေက ဆိုပါတယ်။
 
ကိုကျော်မင်းသူ အပါဝင် အမျိုးသမီးတဦးနဲ့ ကျန်တဲ့ အမျိုးသားသုံးဦးဟာ အသက်နှစ်ဆယ်နဲ့သုံးဆယ်ကြား လူငယ်တွေဖြစ်ပြီး ဧရာဝတီတိုင်းကနေ လာရောက်လုပ်ကိုင်တဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
 
အဲဒီမြန်မာအလုပ်သမား ငါးဦးဟာ ထိုင်းမှာ အလုပ်လုပ်ဖို့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်မှာ ထိုင်းနိုင်ငံကို ရောက်ခဲ့ပေမယ့် အခုချိန်ထိ စာချုပ်ထဲကအတိုင်း လုပ်ငန်းခွင်မဝင်ရသေးဘူးလို့ သူတို့တွေက ပြောပါတယ်။
 
“ ကျွန်တော် ဒီကိုရောက်တော့ ‌ချွန်ဘူရီကို အရင်ပို့တယ်။ ချွန်ဘူရီက ပွဲစားအိမ်မှာ တလလောက် နေရတယ်ပေါ့နော်။ ရောက်ရောက်ချင်း တလအကြာထိ အလုပ်လုံးဝ မဝင်ရသေးဘူး ” လို့ ကိုကျော်မင်းသူက ဆက်ပြောပါတယ်။
 
အဲဒီအလုပ်သမားတွေက တလကြာတဲ့အထိ လုပ်ငန်းခွင် မဝင်ရသေးပေမယ့် ပွဲစားဆိုသူက ဘဏ်ကတ်အပြင်၊ စမတ်ခ (လုပ်ငန်းခွင်ဝင်ကြေး)နဲ့ အခြားအရာတွေအတွက် ထိုင်းဘတ်‌ငွေ ၄၀,၅၀၀ (မြန်မာငွေ သိန်းလေးဆယ်ဝန်းကျင်) အထိ ယူခဲ့ပြီး ဖူးခက်မြို့ကို ပို့ပေးခဲ့တယ်လို့လည်း အဲ့ဒီအလုပ်သမားတွေက ပြောပါတယ်။
 
” ကျွန်တော်တို့ကို ဆောက်လုပ်ရေးအလုပ်ဆိုပြီး ပို့ပြီးကာမှ ရပ်ကွက်ကြို ရပ်ကွက်ကြား၊ မသန့်ရှင်းတဲ့ မြောင်းထဲမှာ လုပ်ခဲ့ရတယ်။ အလုပ်ပြောင်းပေးဖို့ ပွဲစားကို ထပ်ပြောတာကို ဟိုလိုလိုဒီလိုလိုနဲ့ ပြောလို့ပြီးတော့ သူဌေးက မလုပ်နိုင်ရင် ပြန်လို့ပြောပါတယ် ” လို့ ကိုကျော်မင်းသူက ပြောပါတယ်။
 
အဲဒီလုပ်သားတွေဟာ စာချုပ်ပါအတိုင်း ‌ဆောက်လုပ်ရေး လုပ်ငန်းခွင် ဝင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် သူဌေးက အလုပ်ဖြုတ်လိုက်တာကြောင့် WAG မြန်မာအလုပ်သမားအရေး ကူညီစောက်ရှောက်သူများအဖွဲ့ကို ဆက်သွယ်ခဲ့တဲ့အတွက် ဘန်ကောက်မြို့ကို ကူညီခေါ်ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
 
“ သူတို့က ထိုင်းကိုရောက်တော့ ချွန်ဘူရီ၊ ချွန်ဘူရီကနေ ဖူးခက်၊ ဖူးခက်‌ကနေ အခုကျွန်တော်တို့ ခေါ်လိုက်တော့ ဘန်ကောက်ကို ရောက်လာတယ်ပေါ့နော်။ သူတို့ (မြန်မာ)အေဂျင်စီကိုလည်း ကျွန်တော်ဆက်သွယ်လိုက်တော့ မနေ့ကလာပြီး ခေါ်သွားတယ်။ တာဝန်ယူမှု တာဝန်ခံမှုနဲ့ ” လို့ အဲဒီ WAG က တာဝန်ရှိသူ ကိုမုန်တိုင်းက DNA ကိုပြောပါတယ်။
 
အဲဒီမြန်မာအလုပ်သမားတွေကို အခုလက်ရှိ အဆောင်တခုမှာ နေရာချထားပေးပြီး အချိန်နှစ်ရက်စောင့်ခိုင်းထားကာ သက်ဆိုင်ရာ လုပ်ငန်းခွင်ကို ထည့်သွင်းပေးမယ်လို့ အဲဒီ့အေဂျင်စီက ပြောတယ်လို့လည်း သိရပါတယ်။
 
“ စက်ရုံတရုံက လူလိုတာ နှစ်ဆယ်လောက်ပဲ လိုမယ်။ အဲဒီအေဂျင်စီတွေက လူအယောက်နှစ်ရာကျော်တွေ၊ သုံးရာကျော်တွေ ခေါ်တင်လိုက်တယ်။ တကယ်တန်း အယောက်နှစ်ဆယ်လောက်ပဲ လုပ်ငန်းခွင်ဝင်ရတယ်။ ကျန်တဲ့သူတွေမှာ ဒုက္ခရောက်ရတယ်။ ကျွန်တော်ကတော့ အေဂျင်စီတွေကို အလုပ်သမားတွေကို ခေါ်လာပြီးရင် တာဝန်ယူမှု တာဝန်ခံမှု ရှိစေချင်တယ် ” လို့ အဲဒီ WAG တာဝန်ရှိသူ ကိုမုန်တိုင်းက ဆိုပါတယ်။
 
ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) ကတော့ ကိုဗစ်ရောဂါ ဖြစ်တာနဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုကြောင့် လစဉ် မြန်မာနိုင်ငံသား လေးသောင်းနီးပါး ပြည်ပကို ပုံစံမျိုးစုံနဲ့ ထွက်ခွာနေကြတယ်လို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ထုတ်ပြန်ထားတာပါ။
 
အဲဒီလို ထွက်ခွာရာမှာ အိမ်နီးချင်းနိုင်ငံဖြစ်သလို ကုန်ကျစရိတ်မများဘဲ နည်းပညာပိုင်း၊ အတတ်ပညာပိုင်း မလိုအပ်သလို ငွေကြေးသင့်တင့်စွာ ရရှိတဲ့ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်နေထိုင်လုပ်ကိုင်သူ များလာခဲ့တယ်လို့ သိရပါတယ်။
 
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်တဲ့ တရားဝင် မြန်မာအလုပ်သမား လေးသိန်းခန့်ရှိတယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဖော်ပြထားပေမယ့် တရားမဝင်အလုပ်သမားတွေ ထည့်တွက်ရင် သန်းနဲ့ချီ ရှိနိုင်တယ်လို့ အလုပ်သမားရေးရာ ကျွမ်းကျင်သူတွက ဆိုပါတယ်။
 
ဓာတ်ပုံ – WAG