ရေစကြိုမှာ စစ်မှုထမ်းဟောင်းရုံး တိုက်ခိုက်ခံရအပြီး လေကြောင်းကတိုက်လို့ ခြောက်ဦးဒဏ်ရာရ

နိုဝင်ဘာ၊ ၁၀
 
မကွေးတိုင်း၊ ရေစကြို မြို့ပေါ်က ဒေသအခေါ် ငြိမ်းဇာနည်စခန်း (စစ်မှုထမ်းဟောင်းရုံး)ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒီနေ့မနက်မှာ သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့မှု ပြုလုပ်ခဲ့လို့ အမျိုးသမီးတဦး အပါအဝင် ခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။
 
“ မင်းလှရွာနဲ့ ငါးရံ့အိုရွာကို ကြဲတာ။ ငါးရံ့အိုရွာက ပြည်သူ့နေအိမ်တလုံး ပျက်စီးခဲ့ပြီး အဲ့အိမ်က အမျိုးသမီးလည်း ထိခိုက်ဒဏ်ရာရခဲ့တာပါ ” လို့ တော်လှန်ရေးအင်အားစုက ကိုနွေဦး(မြောင်)က ပြောပါတယ်။
 
ပြည်သူ့ကာကွယ်ရေးတပ်တွေက နိုဝင်ဘာ ၁၀ ရက်၊ ဒီကနေ့မနက် ၉ နာရီ အချိန်ခန့်မှာ စစ်မှုထမ်းဟောင်းရုံးကို သွား‌ရောက်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်တွေဖက်က နှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
 
“ မျက်မြင်လေ အစ်မ၊ သူတို့ဖက်က ငါးယောက်ထွက်ပြေးတာ၊ စခန်းထဲက နေထွက်ပြေးတဲ့ငါးယောက်ကို ကျွန်တော်တို့ပစ်တာ နှစ်ယောက်က နေရာမှာတင် လဲသွားတာ “ လို့ Myingyan Black Tiger အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
 
စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဖက်က စစ်ကူရောက်လာတာကြောင့် အင်အားမမျှလို့ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
 
အဲဒီတိုက်ခိုက်မှုကို Myingyan Black Tiger ၊ YSO TPG မြို့ပြပျောက်ကြားတပ်ဖွဲ့၊ Popa Production & Guerrilla Force (PPGF)၊ မြောင်တပ်ပေါင်းစု နဲ့ Thway Thauk Revolution Force အဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
 
အဲဒီလို တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ ဒီနေ့ နေ့လယ်သုံးနာရီခန့်မှာ ရေလယ်ကျွန်း နဲ့ မြောင်ဒေသကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ငါးရံ့အိုရွာက အမျိုးသမီးတဦး အပါအဝင် ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဒဏ်ရာရခဲ့သူ အမျိုးသမီးမှာ လက်ရှိ စိုးရိမ်ရ အနေအထားမှာ ရှိနေပြီး ပြီးခဲ့တဲ့ အောက်တိုဘာလမှာ မြောင်နယ်ကို စစ်ကြောင်းထိုးလာချိန် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အဲဒီအမျိုးသမီးရဲ့ လသားအရွယ် သားလေး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
 
လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် မင်းလှရွာက စာသင်ဆောင်နှစ်ဆောင်၊ ဘုန်းကြီးကျောင်း တဆောင်နဲ့ ဘုရားစေတီ အောက်ခြေပျေက်ဆီးခဲ့သလို ငါးရံ့အိုရွာက နေအိမ်တလုံး ပျက်စီးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
 
လက်ရှိမှာတော့ စစ်ကောင်စီက နောက်ထပ်လေကြောင်းတိုက်ခိုက်မှု ပြုလုပ်မှာ စိုးရိမ်တာကြောင့် မင်းလှ၊ ငါးရံ့အိုနဲ့ မြစ်ဆုံရွာက ဒေသခံတွေ အများအပြားဟာ စစ်ဘေးရှောင်နေရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
 
ဓာတ်ပုံ – စစ်ကောင်စီမီဒီယာ