မုံရွာမှာ တိုက်ပွဲဲဖြစ်ပြီး တပ်ကြပ်ကြီးတဦးကို လက်နက်နဲ့အတူဖမ်းမိ

နိုဝင်ဘာ၊ ၁၀
 
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ နိုဝင်ဘာလ ၉ ရက်၊ ညနေ ၄ နာရီဝန်းကျင်က စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားပြီး တပ်ကြပ်ကြီးတဦးကို လက်နက်နဲ့အတူ ဖမ်းဆီးရမိတယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
 
” အဲဲ့ဒီဖမ်းမိတဲ့ တပ်ကြပ်က ကျွန်တော်တို့ကို အရင် တချက်ပစ်တာ။ နောက်တချက်ပစ်တာ ကျည်မထွက်တော့မှ ကျွန်တော်တို့ဆီမှာ အဖမ်းခံပြီး အလင်းဝင်မယ်လို့ သူကပြောတာ ” လို့ အာဏာရှင်တော်လှန်ရေးပြည်သူတပ်မတော် (ADPRA) ရဲ့ သတင်းပြန်ကြားရေး တာဝန်ရှိသူ ကိုမျိုးကြီးက ပြောပါတယ်။
 
အဖမ်းခံရသူဟာ မုံရွာအခြေစိုက် အမှတ် (၇၄၇) စစ်လက်နက်ပစ္စည်းတပ်ခွဲက အသက် သုံးဆယ်ဝန်းကျင်ရှိတဲ့ တပ်ကြပ်ကြီးအောင်ဝင်း (ကိုယ်ပိုင်အမှတ် – ၈၂၅၅၅၆) ဖြစ်ပြီးသူနဲ့ အတူ MA11 မောင်းပြန်တစ်လက်နဲ့ ကျည်တချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ADPRA က ထုတ်ပြန်ထားပါတယ်။
 
အာဏာသိမ်းမှုကို တနိုင်ငံလုံးအနှံ့ လက်နက်ကိုင်တော်လှန်မှုနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ အင်အားမလုံလောက်တဲ့အတွက် တိုက်ခိုက်ရေးတပ်တွေသာမက တိုက်ခိုက်ရေးမဟုတ်တဲ့ စစ်လက်နက်ပစ္စည်းတပ်က တပ်သားတွေပါ ရှေ့တန်းစစ်မျက်နှာတွေမှာ ဖြန့်ကျက်နေရတာပါ။
 
မုံရွာအခြေစိုက် အနောက်မြောက်ပိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတဲ့ အင်အား ၂၇ ဦးပါ စစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ခိုသန်းရွာအကျော်မှာ မိုင်းဆွဲတိုက်ခိုက်ပြီး ပစ်ခတ်လို့ တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သားတွေ ထွက်ပြေးကြတယ်လို့ ဆိုပါတယ်။
 
တိုက်ပွဲမှာ နှစ်ဘက်အထိအခိုက် ဘယ်လောက်ရှိတယ်ဆိုတာ မသိရသေးပါဘူး။
 
အဲဒီနောက် တပ်ကြပ်ကြီးအောင်ဝင်းကို ကင်းလှည့်နေတဲ့ တော်လှန်ရေးအင်အားစုတွေက ခိုသန်းရွာ အ‌ကျော် မန်းကျည်းကုန်းရွာဘက်မှာ နိုဝင်ဘာလ ၉ ရက်၊ ည ၉ နာရီဝန်းကျင်က ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
 
လက်ရှိအချိန်မှာ တပ်ကြပ်ကြီး အောင်ဝင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက စစ်သုံ့ပန်းဥပဒေအရ ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ထံသို့ အပ်နှံပြီး စစ်ဆေးမေးမြန်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – ADPRA