ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်မှာစိုးရိမ်လို့ ကြိုတင်တိမ်းရှောင်သူတွေရှိလာ

နိုဝင်ဘာ၊ ၁၀
 
ရခိုင့်တပ်တော် AA တပ်ဖွဲ့နဲ့ ရခိုင်ပြည်နယ်ပြင်ပမှာ စစ်ရေးထိတွေ့မှုတွေ ရှိလာတဲ့နောက် စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြင်ဆင်မှုတွေ လုပ်လာတာကြောင့် စစ်ကောင်စီတပ်စခန်း အနီးဝန်းကျင်မှာ နေထိုင်သူတွေ တိုက်ပွဲဖြစ်မှာ စိုးရိမ်ပြီး ကြိုတင်တိမ်းရှောင်တာတွေ ရှိနေပါတယ်။
 
စစ်ကောင်စီတပ်မနဲ့ တပ်စခန်းတွေအနီးမှာ တည်ရှိတဲ့ ကျောက်တော်မြို့နယ် နဂရာ၊ ရုပ်သား၊ မော်ရွာ၊ မြင်းကြပ် စတဲ့ကျေးရွာတွေနဲ့ ရသေ့တောင်မြို့နယ်အတွင်းရှိ ပြိန်းတော၊ မညှင်းတောင်၊ အောင်ဇေယျ စတဲ့ရွာတွေက ဒေသခံတွေ ကြိုတင်သတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ အပြန်အလှန်စစ်ဖြစ်ကြမှာကို စိုးရိမ်လို့ ရှောင်ကြတာ၊ အဓိကက စစ်တပ်စခန်းနားက ရွာတွေက သွားကြတာ၊ အရင်တခေါက်တိုက်ပွဲဖြစ်တုန်းကလည်း ရွာထဲတွေကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တယ်လေ၊ အဲဒါကို အဓိကကြောက်လို့ပါ ” လို့ တိမ်းရှောင်နေတဲ့ နဂရာရွာသားတဦးက DNA ကို ပြောပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၂ တိုက်ပွဲကာလအတွင်း ကျောက်တော်မြို့နယ် ကုလားတန်မြစ်ကြောင်းတလျှောက် သွားလာနေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ရေယာဉ်တွေကနေ တိုက်ပွဲမရှိပေမယ့် အနီးဝန်ကျင် ဝဲယာရွာတွေဆီ လက်နက်ကြီး အမြှောက်တွေနဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့ပြီး သေဆုံး၊ ဒဏ်ရာရတဲ့ ဒေသခံ ဆယ်ဂဏန်းကျော် ရှိခဲ့ပါတယ်။
 
“ နေဗီ (စစ်ရေယာဉ်တွေက နေ့တိုင်းလို တက်နေတယ်၊ တိုက်ပွဲဖြစ်ပြီဆိုရင် အလိုလိုနေရင်းနဲ့လည်း ရွာတွေကို ပစ်တယ်လေ၊ အဲဒါကို ကြောက်ပါတယ်၊ ကျွန်မတို့မှာ မိသားစုတွေလည်း သေခဲ့ရပြီးပြီ ” လို့ နဂရာရွာခံ အမျိုးသမီးတဦးကလည်း ပြောပါတယ်။
 
ဒါ့အပြင် ရသေ့တောင်မြို့နယ်မှာဆိုရင်လည်း မယူမြစ်ကြောင်းတလျောက် စစ်ကောင်စီတပ်က လက်နက်၊ ရိက္ခာ၊ စစ်အင်အား ဖြည့်တင်းတာတွေ နေ့စဉ်ရက်ဆက်လုပ်နေပြီး တပ်စခန်းတွေကနေလည်း ရိက္ခာဆင်းယူတာတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။
 
ဒါကြောင့် စစ်ကောင်စီတပ်ရဲ့ ရေစိုးချောင်းဗျူဟာနဲ့ အမျက်တောင်၊ မညှင်းတောင်တပ်စခန်း တို့အနီးတဝိုက် ရွာတွေက ဒေသခံတွေ စိုးရိမ်နေကြရတယ်လို့ ပြောကြပါတယ်။
 
“ စပါးတွေလည်း မသိမ်းကြရသေးတော့ တိုက်ပွဲဖြစ်ရင် အကုန်ထားခဲ့ကြရမှာ၊ တချို့ကတော့ ပြေးနေကြပြီ ” လို့ ရသေ့တောင်မြို့ နယ် ပြိန်းတောရွာသားတဦးက ပြောပါတယ်။
 
အဲဒီလို တိုက်ပွဲဖြစ်လာမှာ စိုးရိမ်လို့ ကြိုတင်တိမ်းရှောင်နေသူတွေ ရှိသလို တိုက်ပွဲတွေ ဖြစ်လာရင် အကြောင်းမဲ့ လက်နက်ကြီးတွေ ပစ်ခတ်လေ့ရှိတဲ့ စစ်ကောင်စီတပ်ကို ကြောက်လို့ ဗုံးခိုကျင်း တူးထားကြသူတွေလည်း ရခိုင်ပြည်အနှံ့ ရှိနေပါတယ်။
 
“ တိုက်ပွဲဖြစ်ပြီဆိုရင် သူတို့ (စစ်ကောင်စီတပ်)က ဘာမှ မရှောင်ဘူးလေ၊ ရွာထဲတွေကိုလည်း ပစ်တာပဲ၊ အဲဒါကြောင့် ဗုံးခိုကျင်းတွေ တော်တော်များများ တူးနေကြပါတယ် ” လို့ ရသေ့တောင်မြို့ပေါ် မှာ နေထိုင်သူ အမျိုးသမီးတဦးက ပြောပါတယ်။
 
စစ်ကောင်စီဟာ ရခိုင်ပြည်အတွင်း အရပ်ဘက်အဖွဲ့တွေကို စစ်ဆေးတာ၊ ဒေသခံမီဒီယာတွေကို သတင်းမှန်တွေ မရေးသားနိုင်အောင် စနစ်တကျ အကွက်ချ စီစဉ်တာ၊ လက်နက်၊ ရိက္ခာဖြည့်တင်းတာ၊ လက်နက်စမ်းသပ်ခြောက်လှန့်ပစ်ခတ်တာတွေ လုပ်နေပြီး ဒါဟာ ၁၀၂၇ စစ်ဆင်ရေးရဲ့ အစလို့ ပြောလို့ရကြောင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ စစ်ရေးသတင်းထုတ်ပြန်ချက်ထဲမှာလည်း ထည့်သွင်းရေးသားထားပါတယ်။
 
ရခိုင့်တပ်တော် AA ဟာ အာဏာမသိမ်းခင်ကရော အာဏာသိမ်းပြီးနောက်မှာပါ စစ်ကောင်စီနဲ့တိုက်ပွဲတွေ ပြင်းထန်ခဲ့ဖူးပေမယ့် လက်ရှိမှာ နှစ်ဖက် နှုတ်သဘောတူညီချက်အရ အပစ်ရပ်ထားကြတာပါ။
 
ဒါပေမယ့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းမြောက်ဒေသတို့က ၁၀၂၇ စစ်ဆင်ရေးနဲ့ ဆက်စပ်စစ်ရေးလှုပ်ရှားမှုတွေမှာတော့ AA တပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်နေတယ်လို့ AA ပါဝင်တဲ့ ညီနောင်မဟာမိတ်တပ်နဲ့ KIA တို့က တရားဝင်ထုတ်ပြန်ထားပါတယ်။
 
ရခိုင်ပြည်နယ်အတွင်းမှာလည်း နှစ်ဖက်အပစ်ရပ်ထားကြပေမယ့် စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ၊ လက်နက်စမ်းသပ်မှုတွေ၊ အရပ်သားတွေ၊ အရပ်ဘက်အဖွဲ့တွေအပေါ် ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်လာနေမယ်ဆိုရင်တော့ နှစ်ဖက်တင်းမာမှုတွေ ပိုများလာပြီး တိုက်ပွဲတွေဆီ ဦးတည်သွားနိုင်တယ်လို့ AA ပြောခွင့်ရခိုင် သုခက DNA ကို ပြောထားပါတယ်။
 
ဓာတ်ပုံ – CJ
ပုံစာ – ရခိုင်တိုက်ပွဲအတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ မြောက်ဦးမြို့နယ် လက္ကားရွာ။​